▪︎ကချင်ပြည်နယ် နမ့်ဆန်ယာန်ဒေသ၌ KIAနှင့် စစ်ကောင်စီ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးရှိ စစ်ကောင်စီယာယီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စီးနင်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၁၆ရက် ညနေပိုင်း၌ လားရှိုး- မူဆယ် ကားလမ်းဘေးရှိ စစ်ကောင်စီ ယာယီတပ်စခန်းတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။
“ရှမ်းမြောက် နမ့်ဖက်ကာ အရှေ့ KIA တပ်ရင်း(၉) နယ်မြေ ခိုမုန်းရွာအထက် ကောင်ရာကုန်းပေါ်ရှိ စစ်ကောင်စီ ရဲ့ နမ့်ဖက်ကာ အခြေစိုက် ခလရ ၁၂၃ စခန်း ကုန်းအား KIA တပ်ရင်း(၉)တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ကွတ်ခိုင်ဒေသခံတစ်ဦးကလည်း “ခိုမုန်းရော နမ့်အွမ်ရော ဆက်တိုက်ဖြစ်နေတယ်။အဲဒီမှာ လမ်းလုံခြုံရေးလုပ်နေတဲ့ ယာယီစခန်းရှိတယ် အဲဒီနားမှာ တွယ်ကြတယ်တဲ့” ဟုပြောသည်။
နမ့်အွန်ရွာ၌ တအာင်းတပ်မတော်(TNLA) များ ရောက်ရှိနေခြင်းကြောင့် လမ်းလုံခြုံရေးစစ်ကြောင်းက ခိုမုန်းရှိ ယာယီတပ်စခန်းမှ နမ့်အွန်ဘက်သို့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားစဉ် KIAက ခိုမုန်းရှိ စစ်ကောင်စီတပ်စခန်းကို ဝင်စီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်များ ယာယီတပ်စခန်းသို့ ပြန်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
“နမ့်အွန်မှာ ရွာထဲကို တအာင်းအဖွဲ့တွေက ကားတွေကို စစ်တာလုပ်နေတာ။ လုပ်နေတော့ တပ်(စစ်ကောင်စီတပ်)က ရောက်လာရော။ တပ်လည်းရောက်လာရောသူတို့ကနောက်
ပြန်ဆုတ်သွား။အဲဒီ အဖွဲ့(စစ်ကောင်စီတပ်) သူတို့နေတဲ့နေရာကို ပြန်လာတဲ့အချိန် တွယ်(KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်)ကြတာ” ဟု ဒေသခံက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှထိခိုက်သေဆုံးမှုများကြောင်းသတင်းဖော်ပြမှုများ ရှိသော်လည်း သီးခြား အတည်ပြနိုင်ခြင်းမရှိပေ။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ကချင်ပြည်နယ် နမ့်ဆန်ယာန်ဒေသ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယမန်နေ့ညပိုင်းက ည ၇နာရီမှ ၉နာရီအထိ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“လိုင်ဇာနား မဒီးယာန်၊အောင်ဂျာ၊ဘွမ်ရယ်တောင်၊ တစ်ဝိုက်KIA နဲ့စကစ တပ်အကြား လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့” ဟုကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အခြားကချင်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်များ ဒဘတ်ယာန်ရွာသစ်၌ အင်အားစုပြီး နန်ဆန်ယာန်ဘက် အရှိမြှင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း၊ ရွာသားများကို ရွှေ့ပြောင်းခိုင်းနေကြောင်း ယနေ့မနက်တွင် ပြောကြားသည်။
နမ့်ဆန်ယာန်ဒေသ၌ ဇူလိုင် လဆန်းမှစ၍ တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်က တပ်ရင်းများဖြင့် အလုံးအရင်း စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။
ယမန်နေ့က ရှမ်းမြောက်၌ ဖြစ်ပွားသည့် ခိုမုန်းတပ်စခန်း တိုက်ပွဲနှင့် နမ့်ဆန်ယာန်ဒေသ လက်ရှိ စစ်ရေး အခြေအနေများကို ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားရာ လတ်တလော အဆက်အသွယ်မရသေးပေ။
