ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ဒေသ သို့ စစ်အင်အားဖြည့်တင်းလာသည့်စစ်ကောင်စီတပ်ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ညပိုင်း၌ တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၁၃ရက် ည ၇နာရီ ၄၀ ခန့်တွင် ဝိုင်းမော်မြို့နယ်မလန့်ယာန်ရွာအလွန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးပေ။
“မနေ့ညက မြစ်ကြီးနားဘက် စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ မလန့်ယာန်အလွန်မှာ တိုက်ပွဲဖြစ်တယ်။(ထိခိုက်မှု အခြေနေ) မသိသေး” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

ပြီးခဲ့သည့်ရက်များကလည်း မြစ်ကြီးနားမှနမ့်ဆန်ယာန်ဒေသသို့စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ဗန်းမော်မှ နန်ဆန်ယာန်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်များကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်။
တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ကထိခိုက်သေဆုံးမှု များပြားကြောင်း သတင်းရင်းမြစ် အချို့ထံမှ သိရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးထား၍နမ့်ဆန်ယာန်ဒေသတိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ယမန်နေ့က People’s Spring သို့ ပြောကြားထားသည်။
