နွေဦးအောင်လံစစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၂၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း KMD18 – မြို့ပြဝံပုလွေ(Werewolf Unit) အဖွဲ့က အသိပေးထားသည်။
ဇူလိုင် ၃၀ရက် ညနေ ၆ နာရီခွဲခန့်တွင် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ယခင်အုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီဝင် ရဲထွန်းဦး ပစ်သတ်ခံရပြီးနောက် အသစ်ခန့်ထားတဲ့ စစ်မှုထမ်းဟောင်း ပျူစောထီး လူမိုက်ဖြစ်သူ အုပ်ကကြီးနဲ့ နောက်မြီးဆွဲတစ်သိုက်သည် ပြည်သူကို နှိပ်စက်ညှင်းပန်း အနိုင်ကျင့်နေပြီး ပြည်သူပိုင် ဆိုင်ကယ် ၊သုံးဘီးများကို စစ်ကောင်စီနှင့်အတူပူးပေါင်းပြီး ဖမ်းဆီးသိမ်းယူခြင်းများပြုလုပ်လျက်ရှိခြင်းကြောင့် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီက ဘုရင့်နောင်တံတား၊အောင်ဇေယျတံတား ၊ပန်းလှိုင်တံတား၊ရွှေပြည်သာတံတား နှင့် ဒဂုံဧရာ အဝေးပြေးဝင်း ထိပ်တို့တွင် ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး လိုင်းကားများကိုပါ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
“မစ်ရှင်ရဲဘော်များအား CCTV မှ တစ်ဆင့်ခြေရာခံ စုံစမ်းမှုများပြုလုပ်နေပြီး (၈၆)ဂိတ်ဟောင်းအထိ ပိတ်ဆို့မှုများပြုလုပ်ခဲ့တယ်။”ဟု လှိုင်သာယာသတင်းများကို ဖော်ပြပေးနေသည့် HTY Scout Channelမှ တာဝန်ရှိသူက ပြောသည်။
သို့သော် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်သော်လည်း စစ်ဆင်ရေးဖော်ဆောင်သည့် ရဲဘော်အားလုံးဘေးကင်းရာသို့ ရောက်ရှိကြောင်း KMD18-မြို့ပြဝံပုလွေ အဖွဲ့က အသိပေးထားသည်။
ယင်းတိုက်ခိုက်မှုတွင် မပေါက်ကွဲခဲ့သည့် ဗုံးတစ်လုံးကို စစ်ကောင်စီက ည ၈ နာရီကျော်တွင် ဖောက်ခွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
