နမ့်ပေါက်ရှိ တပ်စခန်း ထိုးစစ်ဆင်လာ၍ အခြားနေရာရှိ စစ်ကောင်စီတပ်စခန်းကို SSPP ပြန်တိုက်
ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA )အနေဖြင့် ဌာနချုပ် လုံခြုံရေးအတွက်ကြောင့် မည်သည့်အကြောင်းပြချက်နှင့်မှ တပ်ပြန်လည် မဆုတ်ပေးနိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီဖက်ကို ခိုင်မာစွာအကြောင်းပြန်ခဲ့ပြီးဖြစ်ကြောင်း SSPPက ယနေ့ ထုတ်ပြန်သည်။
လဲချားမြို့နယ်ရှိ SSPP တပ်စခန်းကို စစ်ကောင်စီက ယခင်နေ့များတွင် လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး ယနေ့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် အခြေအနေကို SSPPက သတင်းထုတ်ပြန် ရာ၌အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။
ယခုတိုက်ပွဲဖြစ်သည့်နေရာဒေသမှ SSPP တပ်စခန်း ၁၀ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီက ဇွန်လအတွင်းက ၂ကြိမ် သတိပေးအကြောင်းကြားခဲ့သော်လည်း SSPPက ဆုတ်ခွားပေးခြင်းမရှိပေ။

Public Service Announcement
ထို့ကြောင့် စစ်ကောင်စီက ယနေ့(ဩဂုတ် ၆ရက်)တွင် ထိုးစစ်ဆင်လာရာ လဲချားမြို့နယ်အတွင်း နေရာ ၂နေရာ၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုဆိုသည်။

လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက် ကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းကို အာဏာသိမ်းစစ်ကောင်စီဘက်က အင်အား ၇၀နှင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ နံနက် ၇နာရီခွဲတွင် SSPP/SSA ဘက်ကလည်း လဲချားမြို့နယ် မန်ဆေအုပ်စု မက်လန်းရွာ၌ တပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ် ခမရ (၅၇၃)အား ပြန်လည်ခုခံစစ် ဆင်နွှဲခဲ့ရာ တိုက်ပွဲပိုမိုပြင်းထန်လျက်ရှိကြောင်း SSPPက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၄ရက်နှင့် ၅ရက် များက SSPP တပ်စခန်းရှိရာသို့ လက်နက်ကြီးဖြင့် ရန်စပစ်ခတ်ခဲ့ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။
“မဖြစ်တာတော့ ကြာပြီ။ကျနော်တို့လည်း ထိန်းရင်း ထိန်းရင်းနဲ့။ပြောမယ်ဆို မဖြစ်စေချင်ဘူး။ ဒါပေမဲ့ တပ်က ထပ်ပြီးတော့ သူတို့ရန်ရှာတာသုံးရက်ရှိပြီ။ (၆၀) မမနဲ့ (၈၁)နဲ့ လှမ်းထုတယ်။ ကျနော်တို့ ရှိရာနေရာကို ပစ်တာပေါ့။ သုံးရက် ပစ်တော့ မြေပြင်မှာလည်း ကျနော်တို့လည်း မထိန်းနိုင်တော့ ဖြစ်သွားတာ။ ဒီနေ့မှာလည်း သူတို့က လာပစ်တာ။ ကျနော်တို့ စခန်းအနီးအနား သွားသွားလာလာနေတဲ့ ကျနော်တို့ရဲဘော်ကိုသူတို့က ပစ်တာ။ ရဲဘော်တစ်ယောက်ကျသွားတော့ ကျနော်တို့တပ်ကလည်း သူတို့ရှိတဲ့နေရာတွေကို ပစ်တာပေါ့”ဟု ဒုဗိုလ်မှူးကြီး စိုင်းဆုက ယနေ့မနက်တိုက်ပွဲကိုရှင်းပြထားသည်။
SSPP သတင်းပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲ ၂နေရာပြင်းထန်ခဲ့ဟု ဖော်ပြထားပြီး ဒုဗိုလ်မှူးကြီးစိုင်းဆုက လဲချားမြို့နယ်အတွင်းတိုက်ပွဲ သုံးနေရာဖြစ်ခဲ့သည်ဟု People’s Spring သို့ ပြောကြားထားသည်။
