ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးအတွက် အလေးထား ဆောင်ရွက်ဖို့ တရုတ် အစိုးရက မြန်မာ စစ်ကောင်စီကို ဖိအားပေး တောင်းဆိုလိုက်ပါတယ်။
တရုတ် အစိုးရက နှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်ခြားဒေသ လုံခြုံရေးအတွက် သတ်မှတ် စံနှုန်းတွေနဲ့အညီ ပူးပေါင်း ဆောင်ရွက်ဖို့ စစ်ကောင်စီကို တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး နွန်ရွမ်က ပြောကြားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး နယ်စပ်နားက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ တရုတ်-မြန်မာ နယ်စပ်တဝိုက်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေရဲ့ ဂယက်ကြောင့် အရပ်သားပြည်သူ ၂၃၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
နွန်ဟာ မြန်မာဖက်က နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လွင်ဦးတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ ပူးပေါင်းပြီး နယ်စပ်လုံခြုံရေး ကဏ္ဍမှာ ကြပ်မတ် ဆောင်ရွက်ပေးဖို့ မြန်မာဖက်ကို သူက တောင်းဆိုခဲ့ကြောင်း နွန်က ပြောပါတယ်။ နယ်စပ်မှာ ရှိနေတဲ့ တရုတ် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ မထိခိုက်အောင် သတိထား လုပ်ဆောင်ဖို့ ကိစ္စတွေအပြင် တရုတ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖြန့်ကျက်မှုကို ပိုမို မြှင့်တင်ထားဖို့ ကိစ္စတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့လည်း နွန်က သတင်းထောက်တွေကို တနလာ်နေ့(နိုဝင်ဘာ ၆)ကပြောပါတယ်။
နိုဝင်ဘာ ၄ ရက်မနက်ပိုင်းက စစ်ကောင်စီက KIA ၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပစ်ခတ်စဥ်လိုင်ဇာနဲ့ ကပ်လျက်ရှိတဲ့ တရုတ်နိုင်ငံဘက်ခြမ်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ တရုတ်နိုင်ငံသား တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တရုတ်-မြန်မာ နယ်စပ်က ချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီ အခြေအနေက မြန်မာ စစ်ကောင်စီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံအနှံ့မှာ ခုခံရေး စစ်ပွဲတွေကို ရင်ဆိုင် တိုက်ခိုက်နေရချိန် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အားကောင်းတဲ့ အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး ဒဏ်ကိုပါ ကြုံတွေ့ ခံစားလာရတာပါ။ စစ်ဆင်ရေး ၁၀ ရက်ကျော်အတွင်း တော်လှန်ရေးအဖွဲ့တွေက မြို့ ၄ မြို့နဲ့ စစ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားပါတယ် ။

Public Service Announcement
တရုတ် အစိုးရက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့လည်း တောင်းဆိုထားပါတယ်။ အဲဒီ နယ်မြေတွေမှာ တရုတ်က ဒေါ်လာ တစ်ဘီလီယံတန် ရထားလမ်း စီမံကိန်း တစ်ခု အကောင်အထည် ဖော်ဖို့ ပြင်ဆင်နေပါတယ်။
မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်ထဲက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် အခြေစိုက်ပြီး တရုတ်နဲ့ နယ်စပ်နားမှာ တည်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
တရုတ်ဟာ နိုင်ငံခြားရေး မူဝါဒအရ အာဏာသိမ်း မြန်မာစစ်တပ်ကို အတိအလင်း ထောက်ခံ ရပ်တည်ထားပြီး စစ်ခေါင်းဆောင်တွေအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသင့်ကြောင်းနဲ့ မြန်မာ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာ ပိုင်ဆိုင်ခွင့်ကို လေးစားသင့်ကြောင်း စစ်တပ်ဖက်က ဖေးမ ပြောကြားထားပါတယ်။
