Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်​ရေးအဖွဲ့များကရှမ်းပြည်နယ်​မြောက်ပိုင်းတွင် ​စစ်​ကောင်စီတပ်စခန်းနှင့်ဂိတ်မျာကို စတင်ထိုးစစ်ဆင်တိုက်ခိုက်

ပူးပေါင်းစစ်ဆင်ရေးက ယနေ့မှစတင်ခြင်းဖြစ်၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း ခရီးသွားလာသူများ သတိထားရန်လိုအပ်ကြောင်း ရှမ်းမြောက်ဒေသခံက သတိပေးသည်။

(ယ​နေ့နံနက် တိုက်ပွဲအချို့ တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားမှ ။ စစ်​ကောင်စီတပ်၏ စစ်​ဆေးဂိတ်ကို တိုက်ခိုက်ထားစဥ်။ ဓါတ်ပုံ-The Kokang ၊ CJ)
(ယ​နေ့နံနက် တိုက်ပွဲအချို့ တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားမှ ။ စစ်​ကောင်စီတပ်၏ စစ်​ဆေးဂိတ်ကို တိုက်ခိုက်ထားစဥ်။ ဓါတ်ပုံ-The Kokang ၊ CJ)

မရန်၊ ဝင်း‌မောင်/People’s Spring

မြို့ကြီးများအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီစခန်းနှင့် စစ်တပ်ဂိတ်နေရာအများအပြားကို ထိုးစစ်ဆင်သည့် တိုက်ပွဲများကို မြောက်ပိုင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်တွင် စတင်လိုက်၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ယနေ့ အောက်တိုဘာ ၂၇ရက်မနက် အစောပိုင်းတွင် ကိုးကန့်တပ်မတော်(MNDAA)၊ ရခိုင်တပ်တော်(AA)၊ တအာင်းတပ်မတော်(TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့က ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ နမ့်ခမ်း၊ လောက်ကိုင် ချင်းရွှေဟော် အပါအဝင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

မြောက်ပိုင်း မဟာမိတ် လေးဖွဲ့က ယနေ့မနက် ၄နာရီဝန်းကျင်ခန့်မှစ၍ စစ်ကောင်စီအတွက် အရေးပါသော စခန်းများဖြစ်သည့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်‌အောက်ရှိ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း(၃)ခုဖြစ်သော လားရှိုးမြို့အဝင် ( ခလရ-၆၈) စခန်း ၊ ကုန်းဆာကျေးရွာအနီးနှင့် မုန်းဂျက်စခန်း ၊ သိန်းနီမြို့နယ် သိန်းနီမြို့ စကစ စခန်း ၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကွတ်ခိုင်မြို့ရှိ စခန်း(၂)ခုဖြစ်သော (ခလရ-၂၄၁ နှင့် ခလရ-၂၄၂ )နှင့် မုံးစီးဒေသ ၊ နမ့်ခမ်းမြို့နယ် နမ့်ခမ်းမြို့ စခန်းသစ်ကုန်း ၊ မုံးကိုးမြို့နယ်အတွင်ရှိ တရုတ်-မြန်မာနယ်စပ် မန်ယန်တောင်ကုန်းပေါ်ရှိ စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များမှ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း ကချင် သတင်း ဌာန The Kachin Sub –State Mediaက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက် သတင်းရင်းမြစ်ကလည်း “မြို့ပြ စစ်ဆင်ရေးလို့တော့ ပြောလို့ရတာပေါ့။ အဓိကတော့ အခုလောလောဆယ်မြို့တွင်းဘက်ဖြစ်နေတာတော့လားရှိုးရှိမယ်၊နမ့်ခမ်းရှိမယ်၊ လောက်ကိုင်ရှိမယ်ချင်းရွှေဟော်ရှိမှာပေါ့။ လောလောဆယ်မြို့မှာ တိုက်နေတာကတော့။ ကျန်တဲ့ဟာ ကတော့ အပြင်ဘက်ပိုင်းတွေပဲဖြစ်နေတယ်။ လောလောဆယ်ကျနော်တို့သိရသလောက် မြောက်ပိုင်း သုံးဖွဲ့ အတည်ပြုလို့ရတယ်။ AAရယ် MNDAAရယ် TNLAရယ်ပေါ့။ KIA ကတော့ ဟိုတစ်နေ့ကတည်းက သူတို့စစ်ကောင်စီနဲ့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်တာတွေရှိတယ် ဒါပေမဲ့ ဒီပူးပေါင်းစစ်ဆင် ရေးမှာ သူတို့ ပါလား မပါလား လောလောဆယ် အချက်အလက်တွေမရသေးဘူး” ဟု ပြောသည်။

ကွတ်ခိုင်ဒေသခံကမူKIAနှင်TNLAပူးပေါင်းစစ်ရေးလှုပ်ရှားနေသည်ကိုယမန်နေ့ကတွေ့ရကြောင်း ပြောပြသည်။

“ အခုကြားလား(ဖုန်းပြောနေစဉ်လက်နက်ကြီးပစ်ခတ်သံ) မနေ့က ကွတ်ခိုင်လည်း တစ်ညလုံးထုနေတာ။ အခုမနက်ကျတော့နမ့်ဖက်ကာကပွဲကကြမ်းပြီ။ ၅နာရီခွဲပဲရှိသေးတယ်တအုန်းအုန်း တဂျိမ်းဂျိမ်းနဲ့ထုနေတာ။မနေ့က ကွတ်ခိုင်လမ်းကြောင်းမှာ တစ်ချက်တွေ့လိုက်သေးတယ်။ ကိုယ့်အဖွဲ့တွေကို။ ဒီမနက်ကတော့ နမ့်ဖက်ကာ တအုန်းအုန်းနဲ့။ အနီးကပ်တွေရော အဝေးပစ်တွေရော။ ဟိုဘက်ကထုလို့ကျကွဲတဲ့အသံတွေရော။ မနေ့က အမှတ်တမဲ့ တွေ့လိုက်တာက KIAနဲ့ ပလောင်နဲ့ ပေါင်းထားတဲ့အဖွဲ့” ဟု ဒေသခံက ပြောသည်။

ဆက်လက်၍၎င်းက “အားလုံးပေါင်းချတဲ့သေဘာဖြစ်မယ်ထင်တယ်။ လမ်းကြောင်း တစ်ကြောလုံးပေါ်မှာ ပွဲကြမ်းမယ့်သဘောရှိတယ်” ဟု ပြောသည်။

ပူးပေါင်းစစ်ဆင်ရေးက ယနေ့မှစတင်ခြင်းဖြစ်၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း ခရီးသွားလာသူများ သတိထားရန်လိုအပ်ကြောင်း ရှမ်းမြောက်ဒေသခံက သတိပေးသည်။

“ ဒီစစ်ဆင်ရေးတစ်ခုဆို တာကလည်း သူတို့က ကြိုတင် အချိန်တွေဆွဲပြီးလုပ်ဖို့ဖြစ်တာဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ထိသွားမလဲ တော့ ပြောလို့တော့မရသေးဘူးပေါ့နော်။ သူတို့က မြို့သိမ်းတိုက်ပွဲစနေတာလားပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်‌တော့ တိုက်ပွဲက မြို့ထဲမှာ စဖြစ်နေပြီဆိုတော့ ဒီဟာက ဆက်ပြီး ပြင်းထန်လာဖို့ပဲရှိတယ်။လမ်းသွားလမ်းလာတွေ လောက်ကိုင်ဘက်တက်တဲ့သူတွေ မူဆယ်ဘက်တက်တဲ့သူတွေ လမ်းမှာ တော်တော်လေးသတိထားသွားလာရမယ့် အနေအထားပေါ့။ သတင်းတွေ အဆက်မပြတ် တက်နေမှာဆိုတော့ သတင်းကို စောင့်ကြည့်နားစွန့်ပြီး သွားလာဖို့ လိုအပ်တာပေါ့” ဟု ဒေသခံက ပြောသည်။

ယ‌နေ့မနက် တိုက်ပွဲအတွင်း လားရှိုးမြို့ဝင်ဂိတ်၌ထိခိုက်ပျက်စီးမှုများရှိနေသည်ဟုလည်း ဒေသခံက ပြောသည်။

“လားရှိုးမှာ တိုးဂိတ်နှစ်ခုလုံးပျက်သွားတာရှိတယ်။ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်တာရှိတယ်။နမ့်ခမ်းဘက်မှာဆိုရင်လည်းမြို့နားလေးအထိရောက်aနေပြီ။မနေ့ညကတောကွတ်ခိုင်ကလက်နက်ကြီးလှမ်းပစ်လိုက်တဲ့ဟာကလူတစ်ယောက်သေသွားတယ်။လားရှိုးမှာလည်းအခုတိုက်ပွဲဖြစ်တဲ့ဘက်ကိုမနေ့ကတိုက်ပွဲမဖြစ်သေသးဘူးစစ်ကောင်စီကလေယာဉ်နဲ့ဗုံးလာကြဲလို့ ရွာခံအမျိုးသမီးတစ်ယောက်သေသွားတယ်” ဟု ဒေသခံက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီစခန်းများကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ရာ၌ စစ်ကောင်စီဘက်မှ သေဆုံးမှုများပြီးစခန်းအချို့လည်း ကျသွားကြောင်း သတင်းရင်းမြစ်အချို့ထံမှသိရသည်။

People’s Spring ၏ ယနေ့ နံနက် စုံစမ်းမှုအရ လားရှိုး၊ ကွတ်ခိုင်၊နမ့်ခမ်း၊ တာမိုးညဲ၊ ချင်းရွှေဟော်၊ လောက်ကိုင် မြို့တို့မှ စစ် ကောင်စီ၏ အဓိကစခန်းများအားလုံးကို ဝင်ရောက်တိုက်ခိုက်ခြင်းဟု သိရသည်။

” လောက်ကိုင်က စစ်တပ်စခန်းတချို့ ကျသွားတယ်။ အခု တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ဆက်ပြင်းထန်လာရင် ပြေးဖို့ အထုပ်ပြင်ထားတယ်” ဟု လောက်ကိုင် ဒေသခံတစ်ဦးကပြောသည်။

လောက်ကိုင်အနီး ချင်းရွှေဟော်မြို့မှ စစ်ဆေးရေးဂိတ်လည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

(ယ​နေ့နံနက် တိုက်ပွဲအချို့ တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားမှ ။ စစ်​ကောင်စီတပ်၏ စစ်​ဆေးဂိတ်ကို တိုက်ခိုက်ထားစဥ်။ ဓါတ်ပုံ-The Kokang ၊ CJ)
(ယ​နေ့နံနက် တိုက်ပွဲအချို့ တွင် စစ်​ကောင်စီတပ်ထံမှ စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းအချို့ကို MNDAA ကပြသထားမှ ။ စစ်​ကောင်စီတပ်၏ စစ်​ဆေးဂိတ်ကို တိုက်ခိုက်ထားစဥ်။ ဓါတ်ပုံ-The Kokang ၊ CJ)

နမ့်ခမ်းနှင့် ကွတ်ခိုင်တွင်လည်း စစ်ကောင်စီအထိနာသလို စစ်ကောင်စီကပြန်လည်ပစ်ခတ်သည့်လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားအချို့ထိခိုက်သေဆုံးကြောင်းသတင်းရရှိသည်။

” ရပ်ကွက် ၄ ထဲက အိမ်ပေါ် လက်နက်ကြီးကျတာ။ လေးယောက်ထိတယ်။ ပြင်းထန်တယ်”ဟု ကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။

လားရှိုးမြို့အဝင်အထွက်ဂိတ်များမှ စစ်ကောင်စီတပ်ဖွဲ့များလည်း တိုက်ခိုက်ခံရပြီး လက်ရှိအချိန်အထိ လားရှိုးမြို့ပေါ် နေရာအချို့၌တိုက်ပွဲများဖြစ်ပွားနေကြောင်း မြို့ခံများထံမှသိရသည်။

” သူတို့ (စစ်ကောင်စီတပ်) ဝပ်ကျင်းတွေကို အကုန် ဝင်ဆော်တာ။ အခုလက်ရှိက အပြင်ထွက်မလာရဲဘူး။သူတို့ ဗျူဟာကုန်းတွေကနေ လက်နက်ကြီးနဲ့ပစ်တဲ့အဆင့်ပဲ။ ဒီလောက်ပဲ ပြောလို့ရတယ်”ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယနေ့နံနက် ၄ နာရီမှ စတင်ခဲ့သော ရှမ်းမြောက်ဒေသ စစ်ဆင်ရေးတွင် ချင်းရွှေဟော်မြို့၊အကောက်ခွန်ရုံးကို MNDAA က တိုက်ခိုက်ခဲ့ရာ အဆိုပါ ရုံးမှ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်။စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံး​နေ​သည့် ရုပ်အ​လောင်းများကိုလည်း သတင်းဓါတ်ပုံအချို့တွင်​​တွေ့ရသည်။သတင်းဓါတ်ပုံကို People’s Spring ၏ တယ်လီဂရန်ချန်နယ်တွင် https://t.me/PeopleSpring ကြည့်ရှုနိုင်ပါသည်။

စစ်ကောင်စီက လားရှိုးမှတဆင့် အင်အားဖြည့်ရန် ကြိုးစားနေပြီး လားရှိုး – ချင်းရွှေဟော်လမ်းပိုင်း၊ လာရှိုး-မူဆယ်ပြည်​ထောင်စုလမ်းကို MNDAA က ယနေ့မှ စတင်ပြီး လုံခြုံရေးအရပိတ်ဆို့ထားကြောင်းကြေညာထားသည်။

မူဆယ်မြို့ပေါ်တွင် ပစ်ခတ်သံများမကြားရဘဲ အနီးပတ်ဝန်းကျင်ရှိ ကွတ်ခိုင်၊ နမ့်ခမ်းမြို့တို့၌ တိုက်ပွဲဖြစ်နေသည့်အသံများ ကြားနေရကြောင်း မူဆယ်မြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။