Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း စစ်တပ်ရဲ့ အင်အားပြုန်းတီးမှုတွေကို ထင်ဟပ်မြင်သာလာစေတဲ့ စစ်မှုထမ်း ဥပဒေ

ဗြိတိန် အခြေစိုက် Jane’s Intelligence ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ တစ်ဦးဖြစ်တဲ့ အန်သိုနီ ဒေးဗစ်ကတော့ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေး အင်အားစုတွေရဲ့ ခန့်မှန်း အင်အားက ၇၅၀၀၀ လောက် ရှိခဲ့နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

▪︎ကရင်နီပြည်ရှား​တောမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ​နေ​သောစစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ- ကလလတ
▪︎ကရင်နီပြည်ရှား​တောမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ​နေ​သောစစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ- ကလလတ

စစ်မှုထမ်း ဥပဒေကို အသည်းအသန် အသက်သွင်းလိုက်ခြင်းဟာ တော်လှန်ရေး အင်အားစုတွေနဲ့ နှစ်ရှည်လများ တိုက်ပွဲတွေ ဆင်နွှဲနေရတဲ့ မြန်မာစစ်တပ်အပေါ် ထိခိုက်သက်ရောက်မှုတွေ ဘယ်လောက်တောင် ကြီးမားနေသလဲ ဆိုတာကို မြင်သာစေတဲ့ အထောက်အထား တစ်ခုလို့ လေ့လာသူတွေ၊ သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တွေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တစ်ဦးက အသီးသီး မှတ်ချက် ပေးခဲ့ကြပါတယ်။

တရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကလို့ ဆန့်ကျင်ဖက် နယ်ခြားဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နား တဝိုက်ထိ ဒေသတွေမှာ ထိန်းချုပ်နယ်မြေတွေ အများအပြား ဆုံးရှုံးနေခဲ့တဲ့ အချိန်မှာ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ အော်ပရေးရှင်း ၁၀၂၇ လို့ နာမည်ပေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတချို့ စတင် အကောင်အထည် ဖော်ခဲ့တဲ့ စစ်ဆင်ရေးကြီး စတင်ခဲ့ရာ အောက်တိုဘာလနောက်ပိုင်း တောက်လျှောက်နီးပါး အရှုံးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“သေချာတာကတော့ စစ်တပ်ဟာ လူအင်အား နည်းသွားတဲ့ဒဏ်ကို အလူးအလဲ ခံနေရတယ်။ ဒါကြောင့်လည်း အခုလိုမျိုး ပြည်သူတွေကို စစ်ထဲ ဆွဲသွင်းမယ့် ဥပဒေမျိုးကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပြဋ္ဌာန်းရတာ ဖြစ်ပါတယ်”လို့ Crisis Groupရဲ့ မြန်မာ့ရေးရာ အကြီးတန်း အကြံပေး ရစ်ချတ် ဟော်ဆေးက မှတ်ချက် ပေးခဲ့ပါတယ်။

Reuters သတင်းဌာနက အခုကိစ္စအတွက် စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်မှု မရခဲ့ပါဘူး။ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ဒီမိုကရေစီ အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ချိန် ကတည်းက တစ်စထက်တစ်စ ပိုမို ကျယ်ပြန့်လာနေတဲ့ လက်နက်ကိုင် တော်လှန်ရေးကို ရင်ဆိုင်နေရပါတယ်။ စစ်တပ်က တော်လှန်ရေး တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုကို ဖျက်ဆီးနေတဲ့ အကြမ်းဖက် အုပ်စုတွေလို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဧပြီလမှာ စတင်မယ်လို့ ပြောထားတဲ့ စစ်မှုမထမ်းမနေရ စနစ်အရ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေဟာ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေ အပါအဝင် ကျွမ်းကျင် ပညာရှင်လို့ သတ်မှတ်ထားတဲ့ သူတွေအတွက် အသက် ကန့်သတ်ချက်ကတော့ ၄၅ နှစ်ထိ မြင့်တက်သွားပြီး အနိမ့်ဆုံး စစ်မှုထမ်း ကာလကလည်း ၃ နှစ် ဖြစ်လာပါတယ်။ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကာလမျိုးမှာ စစ်မှုထမ်း ကာလကို ၅ နှစ်ထိ မြှင့်တင်နိုင်မယ်လို့လည်း စစ်တပ် ထိန်းချုပ်ထားတဲ့ အစိုးရ မီဒီယာတွေက ကြေညာသွားပါတယ်။

United States Institute of Peace (USIP)ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးရဲမျိုးဟိန်းက စစ်တပ်ရဲ့ တပ်ရင်းတွေဟာ တင်းပြည့်ကျပ်ပြည့် ဖွဲ့စည်းပုံအရ စစ်သည်အင်အား ၂၀၀ လောက် ရှိရမှာ ဖြစ်ပေမယ့် အများစုဟာ အဲဒီ အရေအတွက်ရဲ့ ထက်ဝက် ပြည့်ဖို့တောင် ရုန်းကန်နေရတယ်လို့ သုံးသပ်ပါတယ်။ “တပ်အင်အားတင် မကဘဲ အရာရှိ အရေအတွက်ကလည်း သိသိသာသာ ကျဆင်းလာနေတာ ဖြစ်ပါတယ်”လို့ သူက Reutersကို ပြောပါတယ်။

“နောက်ပြီးတပ်တွေရဲ့ ဖွဲ့စည်းပုံ မပြည့်မီတာ၊ အင်အား မလုံလောက်တာတွေကြောင့် ဗိုလ်မှူးချုပ် အဆင့်လောက်ထိ အရာရှိတွေပါ တိုက်ပွဲကျတာတွေ ပိုပြီး အဖြစ်များလာနေခဲ့ပါတယ်”လို့ သူက ထောက်ပြခဲ့တယ်။

မနှစ်တုန်းက ဦးရဲမျိုးဟိန်းက မြန်မာစစ်တပ်မှာ တိုက်ခိုက်ရေး တပ်အင်အား ၇၀၀၀၀ လောက် ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ဖူးတယ်။ အဲဒါကလည်း တပ်ပြေးတွေနဲ့ အလင်းဝင်လာသူတွေရဲ့ ပြောပြမှုတွေ၊ စစ်တပ်ရဲ့ မှတ်တမ်းမှတ်ရာတွေ၊ ထိခိုက်သေဆုံးမှု စာရင်းတွေကို ဆန်းစစ်ထားတာတွေအပေါ် အခြေခံပြီး သုံးသပ်ထားတာ ဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် Jane’s Intelligence ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ တစ်ဦးဖြစ်တဲ့ အန်သိုနီ ဒေးဗစ်ကတော့ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေး အင်အားစုတွေရဲ့ ခန့်မှန်း အင်အားက ၇၅၀၀၀ လောက် ရှိခဲ့နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

မျက်မှောက် ကာလမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုသစ်တွေ အလျှိုအလျှို ထွက်ပေါ်လာခြင်းနဲ့အတူ တော်လှန်ရေး တပ်သားအင်အားဟာ ပိုလို့တောင် တိုးပွားလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

တပ်မတော်လို့ ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ထားတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကတော့ အခုနှစ်ပိုင်းတွေအတွင်း တပ်အင်အားကို လူသိရှင်ကြား မကြေညာခဲ့ပါဘူး။

အမေရိကန် စစ်တပ်မှာ စစ်မှုထမ်းခဲ့ဖူးပြီး မြန်မာ့အရေး ဆန်းစစ်လေ့လာသူ ဖြစ်လာတဲ့ ဒေါ်မီမီဝင်းဘတ်ကတော့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်တပ်ကို စွန့်ခွာပြီး တော်လှန်ရေးဖက် အလင်းဝင်သူ ဦးရေဟာ တရိပ်ရိပ် မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ စစ်တပ်ထဲက တပ်ရင်းမှူးတွေ၊ တပ်ကို ကိုယ်တိုင်စွန့်ခွာ ထွက်ပြေးလာသူတွေရဲ့ ပြောကြားချက်တွေကို ကိုးကားထားတဲ့ မှတ်ချက်လည်း ဖြစ်ပါတယ်။

“မြန်မာစစ်တပ်က နွမ်းနယ်နေပြီ။ ပြီးတော့ စိတ်ဓာတ်လည်း ကျနေပြီ”လို့ ဒေါ်မီမီဝင်းဘတ်က ဆိုတယ်။ လူအင်အားတင် မကဘဲ ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေလို အခြေခံ လိုအပ်ချက်တွေပါ ပြတ်လပ်မှုတွေ ကြုံနေရပြီလို့လည်း သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တော်လှန်ရေး အင်အားစုတွေဖက် ကူးပြောင်းလာပြီး အခုဆိုရင် တပ်ထဲက ထွက်ပြေးချင်တဲ့ စစ်သားတွေကို ကူညီပေးနေတဲ့ ဗိုလ်ကြီးဟောင်း ထက်မြက်ကတော့ အခုဆိုရင် တချို့ တပ်ရင်းတွေဟာ အင်အား ၁၃၀ လောက်သာ ကျန်တော့တယ်လို့ ပြောပါတယ်။ သူက ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းခဲ့တာကို စက်ဆုပ်လို့ ပြည်သူ့ဖက်ကို အလင်းဝင်ခဲ့တာလို့ ရှင်းပြပါတယ်။

စစ်မြေပြင်မှာ ခါးသီးတဲ့ ရှုံးနိမ့်မှုတွေ ဆက်တိုက် ကြုံနေရခြင်းက မကြုံစဖူး အခြေအနေအဖြစ် စစ်တပ် ထောက်ခံသူတွေထဲမှာတောင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ဦးစီးချုပ် အဖြစ်ကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

အခုတော့ စစ်တပ်ဟာ စစ်မှု မထမ်းမနေရ အမိန့်ကို အသက်သွင်းပြီး ပြည်သူတွေကို တပ်ထဲ ဆင့်ခေါ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီနည်းလမ်းကြောင့် တပ်အင်အားကို ရုတ်တရက် အရှိန်အဟုန်နဲ့ ဖြည့်တင်းဖို့ ဘယ်လိုမှ မလွယ်လောက်ဘူးလို့ Crisis Groupရဲ့ ဟော်ဆေးက ဆိုပါတယ်။ “လူသစ်တွေကို အင်အား အလုံးအရင်းနဲ့ တပြိုင်တည်း သေချာ စနစ်တကျ လေ့ကျင့်ပေးဖို့ စုစည်းကိုင်တွယ်နိုင်စွမ်းမျိုးလည်း တပ်ထဲမှာ လုံးဝမရှိဘူး”လို့ သူက ထောက်ပြခဲ့ပါတယ်။

စစ်မှုထမ်း ဥပဒေထဲ အကျုံးဝင်နိုင်သူ တစ်ဒါဇင်လောက်နဲ့ Reutersက ဆက်သွယ် မေးမြန်းကြည့်ခဲ့တဲ့အခါ တပ်ထဲ ဝင်မယ့်အစား နိုင်ငံကနေပဲ ထွက်ပြေးမယ်လို့ ဖြေခဲ့ကြပါတယ်။ သူတို့အားလုံးက လုံခြုံရေး စိတ်မချရတဲ့အတွက် နာမည်တွေတော့ ထုတ်ပြောဖို့ ငြင်းဆိုခဲ့ကြပါတယ်။

လက်ရှိ အင်အားအရ စစ်တပ်ဟာ စစ်မျက်နှာ ပေါင်းစုံမှာ တော်လှန်ရေး အင်အားစုတွေကို ထိထိရောက်ရောက် ဖြန့်ကျက် တိုက်ခိုက်နိုင်ဖို့ လုံလောက်မှု မရှိတော့ဘူးလို့ Griffith Asia Instituteရဲ့ ဧည့်ပါမောက္ခ အန်ဒရူးဆဲ့လ်သ်က ဒီဇင်ဘာလမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ကောက်ချက် ချထားပါတယ်။

“သူတို့ရဲ့ တပ်အင်အား ဘယ်လောက်ထိ ပါးလျလာနေပြီလဲ ဆိုတာကို စစ်ဗိုလ်ချုပ်တွေလည်း သိလာပါပြီ။ နောက်ပြီး တစ်ကြိမ်တည်းမှာ အဓိက စစ်ပွဲကြီး တစ်ခုထက်ပိုပြီး တိုက်ရတာမျိုးကလည်း ဘယ်လောက် ခက်ခဲသလဲဆိုတာ သူတို့ သဘောပေါက်ကြပါတယ်”လို့ မြန်မာ့ အရေး၊ အထူးသဖြင့် စစ်မက် အခြေအနေတွေကို ဆယ်စုနှစ်တွေနဲ့ချီ စောင့်ကြည့် လေ့လာခဲ့တဲ့ ဆဲ့လ်သ်က ပြောပါတယ်။

“လေတပ်သုံးနိုင်တာ၊ သံချပ်ကာ ယာဉ်တွေနဲ့ လက်နက်ကြီးတွေ ရှိနေတာတွေက စစ်တပ်အတွက် သေချာပေါက် အားသာချက်တွေပေါ့။ ဒါပေမဲ့ ခြေလျင်တပ်တွေကသာ နယ်မြေတွေကို ပြန်ထိန်းချုပ် သိမ်းယူဖို့၊ ဒေသခံတွေအပေါ် လွှမ်းမိုးနိုင်ဖို့ စွမ်းဆောင်နိုင်တဲ့ တစ်ခုတည်းသော အရင်းအမြစ်တွေ ဖြစ်ပါတယ်”လို့ သူက ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာလည်း ရက္ခိုင့်တပ်တော် (AA)ဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေပြီး အနည်းဆုံး မြို့ ၅ ခုလောက်ကို ထိန်းချုပ် သိမ်းယူထားနိုင်ပြီလို့ AAက ကြေညာထားပါတယ်။ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးနေရတာနဲ့ ပတ်သက်ပြီး စစ်တပ်ကတော့ လူသိရှင်ကြား ဘာဖြေရှင်းမှုမှ မရှိခဲ့ပါဘူး။

“ရခိုင်က စစ်ပွဲတွေအတွက် တပ်ကူတွေလည်း စစ်တပ်က ထပ်မပို့နိုင်တော့ဘူး”လို့ AAရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက Reutersရဲ့ ဖုန်းဆက်သွယ် မေးမြန်းမှုမှာ ဖြေကြားခဲ့ပါတယ်။ “တစ်နည်းအားဖြင့် သူတို့မှာ အင်အား မလုံလောက်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ”လို့ သူက ဆက်ပြောခဲ့ပါတယ်။

(Reuters သတင်းဌာန၏ Myanmar junta’s conscription plan lays bare toll of fighting rebels ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

ဆောင်းပါး

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။