Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

၁၀၂၇စစ်ဆင်ရေးကဲ့သို့ စစ်ရေးအောင်ပွဲရလဒ်များရအောင်အားစိုက်ကြရန် ယာယီသမ္မတ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

၁၀၂၇စစ်ဆင်ရေးကဲ့သို့ စစ်ရေးအောင်ပွဲရလဒ်များရအောင်အားစိုက်ကြရန် ယာယီသမ္မတ တိုက်တွန်း
၁၀၂၇စစ်ဆင်ရေးကဲ့သို့ စစ်ရေးအောင်ပွဲရလဒ်များရအောင်အားစိုက်ကြရန် ယာယီသမ္မတ တိုက်တွန်း

“ခုခံတော်လှန်စစ်ရလဒ်တွေကို လက်တွေ့မြေပြင်မှာ ထင်ထင်ရှားရှား ပြသနိုင်မှသာလျှင်၊ လူထုရဲ့ ဘေးဒုက္ခတွေဟာ အမြန်ကင်းလွတ်မှာ ဖြစ်ကြောင်း ပြောလိုပါတယ်”

တအာင်း၊ ကိုးကန့်၊ ရက္ခိုင် ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ တော်လှန်စစ်ရေးအောင်ပွဲ ရလဒ်များကို အလားတူ နယ်မြေဒေသများ၌ တိုးချဲ့ရရှိနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးက ခွန်စိုက်အားစိုက် လုံ့လထုတ်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့ ဖေဖော်ဝါရီ ၂၇ရက်ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ခုခံတော်လှန်စစ်ရလဒ်တွေကို လက်တွေ့မြေပြင်မှာ ထင်ထင်ရှားရှား ပြသနိုင်မှသာလျှင်၊ လူထုရဲ့ ဘေးဒုက္ခတွေဟာ အမြန်ကင်းလွတ်မှာ ဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို အလျင်အမြန် ဖယ်ရှားနိုင်ရေးဟာ အင်မတန်အရေးကြီးနေပါတယ်။ ခုခံတော်လှန်စစ်ရလဒ်တွေ အောင်အောင်မြင်မြင်ရဖို့ နှောင့်နှေးလေလေ၊ လူထုရဲ့ ဘေးဒုက္ခတွေ ရှည်ကြာလေလေဆိုတာကို သတိချပ်ကြဖို့ လိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

တအာင်း TNLA၊ ကိုးကန့် MNDAA နှင့် ရက္ခိုင် AA တို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက် ရှိ မြို့ပေါင်း ၁၂ မြို့ထက်မနည်းနှင့် စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ကျော်ကို သိမ်းပိုက်ထားနိုင်သကဲ့သို့ AAက ဆောင်ရွက်နေသည့် ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀ စစ်ဆင်ရေးတွင်လည်း မြို့ပေါင်း ၆မြို့ထက်မနည်းနှင့် စစ်ကောင်စီတပ်စခန်း ကြီးငယ် အများအပြားကို သိမ်းပိုက် ထားပြီး တိုင်းရင်းသားတပ်များက သိမ်းပိုက်ထားသည့် မြို့များကို အုပ်ချုပ်ရေး ထူထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

” ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ခိုင်မာကျစ်လစ်တဲ့ အမျိုးသားညီညွတ်ရေးကို လုပ်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေထဲမှာ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ တအာင်း၊ ချင်း … စတဲ့ လူမျိုးပေါင်းစုံ ပါဝင်စုဖွဲ့ထားတဲ့ အစိုးရတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက မိမိတို့ရဲ့ လူမျိုးရေးကိုပဲ ရှေ့ရှု လုပ်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ အားလုံး လွှမ်းခြုံပြီး တစ်နိုင်ငံလုံးအရေးကို ခြုံကြည့်ပြီး လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ထိုသို့လုပ်ဆောင်မှသာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်၌ ခိုင်မာကျစ်လစ်သည့် အမျိုးသားညီညွတ်ရေးအင်အားနှင့် ရှေ့ဆက်နိုင်မည်ဟု ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် မြေပြင်မှ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအရ ပိုမို အစေးကပ် အောင် ဆက်လက်ကြိုးစားရန် လိုနေသေးသည်ဟု သတိပေးသည်။

” အထူးသဖြင့် အရေးပေါ် အချိန်ကာလတွေမှာ၊ ပြည်သူလူထုထဲက စစ်ဘေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အလုပ်တွေကို လုပ်တဲ့အခါမှာ မြေပြင်က အင်အားစုတွေနဲ့ နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားမှသာ လူထုအရေးကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစည်း မလုပ်နိုင်လို့ လူထုကို ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေမှာ ကြန့်ကြာတာမျိုး/နှောင့်နှေးတာမျိုးတွေ ရှိနေတာကို သတိမူမိဖို့ လိုပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရ ပိုပြီး ကပ်အားကောင်းအောင် ကြိုးစားလုပ်ဆောင်ကြဖို့ လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် နွေဦးတော်လှန်ရေး၌ Generation Z ဟုခေါ်သည့် လူငယ်များ၏ စွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေးသည် ခေတ်နှင့်အညီ မြန်ဆန်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြသည့် အစိုးရတစ်ရပ်သည် လေးကန်နှေးကွေးနေ၍ မရကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။