Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြိုကွဲနိုင်ငံတော်မဖြစ်စေရေး နိုင်ငံတကာ၏ စိုးရိမ်ချက်များကို K3C နှင့် NUGအကြား သဘောတူညီချက်များက ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ယာယီသမ္မတပြော

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

ပြိုကွဲနိုင်ငံတော်မဖြစ်စေရေး နိုင်ငံတကာ၏ စိုးရိမ်ချက်များကို K3C နှင့် NUGအကြား သဘောတူညီချက်များက ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ယာယီသမ္မတပြော
ပြိုကွဲနိုင်ငံတော်မဖြစ်စေရေး နိုင်ငံတကာ၏ စိုးရိမ်ချက်များကို K3C နှင့် NUGအကြား သဘောတူညီချက်များက ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ယာယီသမ္မတပြော

▪️စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်တည်ဆောက်ရေး ဘုံရပ်တည်ချက် K3C တိုင်းရင်းသား မဟာမိတ်ကြား ခိုင်မာစွာ သဘောတူညီထားဟု အသိပေး

▪️မဟာမိတ်အဖွဲ့များ၏ စုရုံးသဘောတူညီစေမှုဆက်ကြိုးပမ်းရာ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ အခန်းကဏ္ဍ အလွန်အရေးကြီးဟု ပြော

ပြိုကွဲနိုင်ငံတော် မဖြစ်စေရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ချက်အဖြစ် မြင်တွေ့နေရပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) ၊ ချင်းအမျိုးသားတပ်ဦး(CNF/CNA) စသည့် K3C နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြား သဘောတူညီချက်များက နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ချက်များကိုတစ်စုံ တစ်ရာအားဖြင့် ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၃၁ ရက်က ထုတ်ပြန်ကြေညာလိုက်သည့် ဘုံသဘောထားရပ်တည်ချက်၌ အဓိက ရည်မှန်းချက် နှစ်ရပ်ရှိကြောင်း ယာယီသမ္မတက ပြောသည်။

“အဲဒါကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီဘုံသဘောထား ထုတ်ပြန်ကြေညာချက်ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ [NUCC] အတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) ပါ အခြေခံမူတွေနဲ့ ကွဲလွဲခြင်း မရှိဘူးဆိုတာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိမူမိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် [K3C] လို့ခေါ်တဲ့ KIO,KNU, KNPP, CNF တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာ ရရှိထားတဲ့ အချက်တွေ ဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထိုသို့ စုရုံးသဘောတူညီမှု ရရှိရာ၌ တအာင်းတပ်မတော်(TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီးလည်း ယာယီသမ္မတက အလေးထားပြောကြားခဲ့သည်။

“အဲသည့်အထဲမှာ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ခိုင်မာကျစ်လစ်စွာ စုဖွဲ့နိုင်ရေးကို ကြိုးပမ်းတည်ဆောက်ကြရမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး (၃)နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဧရိယာထဲရှိ ကချင်တိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောတူညီမှုကို စုစည်းတည်ဆောက်နိုင်သကဲ့သို့ မြန်မာနိုင်ငံ တောင်ပိုင်းဧရိယာထဲရှိ ကရင်တိုင်းရင်းသားခေါင်းဆောင်များ၏ သဘောတူညီမှုကို လည်း စုစည်းတည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောတူညီမှု၊ မြန်မာနိုင်ငံ အရှေ့တောင်ဘက်က ကရင်နီတိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောတူညီမှုကို စုစည်း ပေါင်းစပ်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

“ပထဝီအားဖြင့် ကျယ်ပြန့်တဲ့ နိုင်ငံရေးပေါင်းစည်းမှုတွေကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ကျယ်ပြန့်တဲ့ ပေါင်းစည်းမှုနဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်တွေကို ဖြည့်စွက်စုရုံးကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိ ရရှိထားသည့် ဘုံသဘောထား ရပ်တည် ချက်များ အလုပ်ဖြစ်ရန် ရည်ရွယ်သကဲ့သို့ ဖြစ်သင့် ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းစဉ်များကို မြန်ဆန်စွာ လုပ်ဆောင်နိုင်ရန်

လက်တွေ့လုပ်ငန်းလမ်းညွှန် လည်းဖြစ်ကြောင်း၊ ဖြစ်ပေါ်တိုးတက်လာသည့် စစ်ရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ၌ တိုင်းပြည်သစ် / နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဖြည့်စွက်သင့်သည်များကို သဘောတူညီထားသည့် တိုင်းရင်းသား မဟာမိတ် ခေါင်းဆောင်များ၏ လိုလားချက်များနှင့်အတူ စုရုံးသဘောတူ ဖြည့်စွက်ကြရန်လိုအပ်ကြောင်း ယာယီသမ္မတက ၎င်း၏ ယူဆချက်ကို ပြောသည်။

“အနာဂတ် တိုင်းပြည်သစ် တည်ဆောက်ရေးဟာ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် သင့်မြတ်ညီညွတ်ပြီး စုပေါင်းစွမ်းဆောင်မှုတွေနဲ့ ဖော်ဆောင်မှသာလျှင် အကျိုးကျေးဇူး ကြီးနိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးကောင်း / တစ်ယောက်ကောင်း / တစ်ဖွဲ့ကောင်းနဲ့ လုပ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်စေချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

K3C နှင့် NUG အကြား သဘောတူညီချက်များသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်ချက်များကို တစ်စုံတစ်ရာအားဖြင့် ဖြေလျော့ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဆက်လက်ပြီး ကျန်နေသည့် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ဘုံသဘောထား ရပ်တည်ချက်၌ တိုက်ရိုက်ပါဝင်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“နယ်မြေအလိုက်၊ လူမျိုးစုအလိုက်၊ အဖွဲ့အစည်းအလိုက် ကွဲပြားတဲ့ အမျိုးသားရေး ရည်မှန်းချက်တွေကို ဖက်ဒရယ်အခြေခံမူတွေအပေါ်မှာ ရပ်တည်ပြီး ဝိုင်းဝန်း ပေါင်းစည်းနိုင်ကြဖို့ ကျွန်တော့်အနေနဲ့ အထူး မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးခန္တီတရားနဲ့ နိုင်ငံရေးသဘောထားကြီးမှုဟာ အနာဂတ်တိုင်းပြည်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးအတွက် ကောင်းသော အထောက်အပံ့ကောင်း ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအမြင် ကျယ်ပြန့်မှုကို လက်တွေ့ပြသရင်း နွေဦးတော်လှန်ရေးခရီးကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ယမန်နေ့ ဖေဖော်ဝါရီ ၅ရက်က ကျရောက်သည့် ကချင့်တော်လှန်ရေးနေ့တွင် စစ်အာဏာရှင် အလွန် ပြည်ထောင်စုအရေးအတွက် တော်လှန်ရေးအဖွဲ့အားလုံး ညှိနှိုင်းဆွေးနွေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“စစ်ကောင်စီ အလွန်ပြည်ထောင်စု တည်ဆောက် ရေးအတွက် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက ညှိနှိုင်းဆွေးနွေးပြီးမှ ဒီမိုကရေစီ ပြည့်၀တဲ့ ကျနော်တို့ရဲ့ ပြည်ထောင်စုတွေကို ပြန်လည်တည်ဆောက်ဖို့ အကြောင်း ကျနော်တို့ KIO ဥက္ကဋ္ဌ ရဲ့ မိန့်ခွန်းထဲမှာ ပါတာဖြစ်ပါတယ်” ဟု KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIO ဥက္ကဋ္ဌ ၏ ကချင်ဘာသာဖြင့် ပြောကြားသည့် မိန့်ခွန်းကို ဘာသာပြန်ပြောပြသည်။

CNF ဒုဥက္ကဋ္ဌ (၃)ဖြစ်သည့် ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါရ်းကလည်း စစ်အာဏာရှင်ကို တိုက်ထုတ်ရာ၌ လမ်းများအားလုံး နေပြည်တော်သို့ ဆိုသည့် အတိုင်း ဦးတည်ဆောင်ရွက်နေပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် ဆက်အရှိန်မြှင့်ရမည်ဟု ပြောသည်။

ဇန်နဝါရီ ၃၁ရက်က CNF၊ NUG၊ KNU၊ KNPP အပါအဝင် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည့် ဘုံသဘောထားပါအချက်များအတိုင်း စစ်တပ် အာဏာသိမ်းမှုကို ဖယ်ရှားရေးအပါအဝင် စစ်ကောင်စီ လက်ခံရမည့် အချက်များကို အမြန်ဆုံး လက်ခံရန် အရေးကြီးကြောင်း ဒေါက်တာရွှေခါရ်းက ပြောသည်။

“ဒီ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်တပ်က ရှုံးကို ရှုံးမှာပဲ။ သူတို့က စိတ်ကြီးပြီးတော့ အာခံနေလို့ကတော့ သူတို့ပဲ နာမှာပေါ့။ တိုင်းပြည်ပဲနာမယ်။ လူထုပဲနာမယ်။ သူတို့လည်းနာမယ်။ ဆိုတော့ တကယ်လို့ တိုင်းပြည်အရေးပြည်သူလူထု အရေးကို တကယ်ပဲ မျိုးချစ်စိတ်ရှိတယ်ဆိုလို့ရှိရင် လူထုရဲ့ တောင်းဆိုချက်ကို မနှေးနဲ့အမြန်လိုက်နာသင့်တယ်။” ဟု ဒေါက်တာရွှေခါရ်းက ပြောသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း စစ်ကောင်ဏီ အနေဖြင့် တော်လှန်ရေးအဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်၏ ဦးတည်ချက် များကို လက်ခံပါက ငြိမ်းချမ်းစွာနှင့် ဆွေးနွေးဖြေရှင်းမှုများ ရှိနိုင်ကြောင်း အသိပေးသည်။

“တကယ်လို့ လက်မခံဘူးဆိုရင်တော့ လက်ခံတဲ့အထိ ကျနော်တို့ ကြိုးစားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ရဲ့ သဘောသဘာ၀ကိုက အရှုံးပေးတဲ့ အလေ့အထတော့ မရှိဘူး ။ ဒါပေမဲ့ ဒီစစ်တပ်က လက်ရှိ စစ်တပ်ထဲမှာရှိတဲ့ တပ်ဗိုလ် တပ်မှူးကအစ အောက်ခြေရဲဘော်အထိ သူတို့တွေ အကုန်လုံးက လက်ရှိ အဖြစ်မှန်ကို သူတို့ တွေ့ကြုံနေရပြီ။ တွေ့ကြုံနေရတဲ့အခါကျတော့ သူတို့က လူထုနဲ့ အမှန်တတကယ် ရပ်တည်လိုတဲ့ တပ်ဗိုလ် တပ်မှူးတွေ ရဲဘော် ရဲဘက်တွေရှိတယ်ဆိုရင် ဒီလူတွေကအပြောင်းအလဲထဲမှာ သူတို့ ပါဝင်လာနိုင်ဖို့ကို သူတို့ ကိုယ်တိုင် ပါဝင်လာနိုင်ဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်မှာပေါ့” ပဒိုစောတာဒိုမူးက ပြောသည်။

တော်လှန်ရေးအဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်၌ ဖော်ပြထားသည့် ဦးတည်ချက် ၆ရပ်ရှိပြီး ယင်းတို့မှာ (၁) စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် ၊(၂)လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အ၀ ထားရှိရန်၊(၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ (၄)သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ် နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန် ၊ (၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန် နဲ့(၆)ပဋိပက္ခ အတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန်တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။