Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီနှင့် မိသားစုဝင် ၁၀၀ကျော် စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားဟု ချင်းညီနောင် ထုတ်ပြန်

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲ တွင် စစ်ကောင်စီနှင့် မိသားစုဝင် ၁၀၀ကျော် စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားကြောင်း ချင်းညီနောင်က ယနေ့ (ဇူလိုင် ၂၀ရက်)တွင် ထုတ်ပြန်သည်။

ကလေး ၃၀ဦးကိုပြုစုထားပြီး တောထဲထွက်ပြေးစဉ် မိသားစုအားလုံး ဆုံးရှုံးရသည့် ကလေးများပါဟု အသိပေး

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲ တွင် စစ်ကောင်စီနှင့် မိသားစုဝင် ၁၀၀ကျော် စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားကြောင်း ချင်းညီနောင်က ယနေ့ (ဇူလိုင် ၂၀ရက်)တွင် ထုတ်ပြန်သည်။

ချင်းညီနောင်နှင့် ရက္ခိုင့်တပ်တော်(AA) မဟာမိတ်ပူးပေါင်းတပ်သည် ဇွန်လ ၂၉ရက်တွင် မတူပီရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

” မတူပီမြို့သိမ်းတိုက်တွင် စစ်ကောင်စီ နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားသည့်အပြင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ဦးကိုလည်း ချင်းညီနောင်ဖက်မှ ကျွေးမွေး ပြုစုထားလျက်ရှိသည်။ တောထဲသို့ ထွက်ပြေးစဉ် လမ်းခရီးတွင် ခရီးလမ်း ကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးခဲ့ရသော ကလေးငယ်များပါ ပါဝင်သည်” ဟု ချင်းညီနောင်က ယနေ့ ထုတ်ပြန်သည်။

အများစုသည် ခြေလက် သဲ‌ဝဲစားမှကို ချင်းညီနောင်နှင့် မဟာမိတ်တပ်‌ဆေးရဲဘော်၊ရဲမေ များက ဆေးဝါးကုသမှု ပေးအပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မိသားစုများ ပါမလာသည့် ကလေးငယ်အချို့ကို CDF တာဝန်ရှိသူ အချို့က မေးမြန်းထားသည့် ရုပ်သံမှတ်တမ်းကိုလည်း ချင်းညီနောင်က ထုတ်ပြန်ခဲ့ရာ KG တန်းမှ ကလေးငယ် တစ်ဦးသည် မိခင်နှင့် ဖခင်တို့ ပါမလာတော့ဘဲ တစ်ဦးတည်း ကျန်နေသည်ကို ပြောပြသကဲ့သို့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးကလည်း ၎င်း၏ ဖခင် စစ်ကောင်စီ ဒုတပ်ကြပ်နှင့် မိခင်တို့ ပါမလာတော့ကြောင်း ပြောပြသည်။

ကလေးငယ်များ၏ ပြောပြချက်အရ ထွက်ပြေးတိမ်းရှောင်စဉ် ၉ရက်၊ ၁၀ ရက်ကြာ ထမင်းမစားခဲ့ရဟု ဆိုသည်။

“သားက အရင် ဘယ်မှာနေသလဲ”ဟု CDF တာဝန်ရှိသူက မေးမြန်းရာ (၁၀)နှစ်အရွယ် ကလေးငယ်က ခလရ(၁၄၀)တွင် နေထိုင်ကြောင်း ပြောပြပြီး ၎င်း၏ ဖခင်သည် ဒုတပ်ကြပ် ဖြစ်သည်ဟု ဆိုသည်။

ဖခင်ဖြစ်သူသည်တောထဲ၌ စစ်သားများနှင့် ပါသွားကြောင်း ပြောပြပြီး မေမေလည်းပါသွားကြောင်း၊ အကိုတစ်ယောက်လည်း ပါသွားကြောင်း ပြောသည်။ ထမင်းမစားရသည်မှ ၁၀ရက်ကြာပြီဟု အဆိုပါ ကလေးငယ်က ပြောကြားသည်။

“သားကိုဘယ်သူတွေက ပြန်ကယ်တာလဲ”ဟု CDF တာဝန်ရှိသူ က မေးမြန်းရာ ကလေးငယ်က “ AA တွေ”ဟု ဖြေကြားသည်။

“ဦးတို့က AA တွေလား”ဟု မေးမြန်းရာ ကလေးငယ်က “ဟုတ်တယ်”ဟု ဖြေကြားသည်။

AA ကို ဘယ်က ကြားဖူးသလဲဟု CDF တာဝန်ရှိသူက မေးမြန်းရာ ကလေးငယ်က သူ့အဖေနှင့်အမေက ပြောသည်ကို ကြားဖူးကြောင်း၊ AAနှင့် PDFကို ကြားဖူးကြောင်း ပြန်ပြောသည်။

ထို့နောက် CDF တာဝန်ရှိသူက ၎င်းတို့က AA မဟုတ်ဘဲ PDFနှင့်အတူတူဖြစ်သည့် CDF ဖြစ်ကြောင်း၊ ကယ်ဆယ်ရာ၊ ဆေးကုသပေးရာတွင် CDF ရော၊ AAရော ပါဝင်ကြောင်း ပြန်ရှင်းပြသည်။

“သူပုန်လို့ပဲမြင်သေးတာလား ဦးတို့ကို။ ဘယ်လိုမြင်လဲ။ လူဆိုးလား၊ လူကောင်းလား”ဟု CDF တာဝန်ရှိသူက မေးမြန်းရာ ကလေးငယ်က လူကောင်းဟု ပြန်ဖြေသည်။

ချင်းညီနောင်၊ AA မဟာမိတ်တပ်များက မတူပီ ဗျူဟာနှင့် ခလရ(၁၄၀)တပ်စခန်းကို သိမ်းပိုက်ရန် ဆောင်ရွက်စဉ် ဗျူဟာမှူးနှင့်အရာရှိများက စခန်းစွန့်ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား၊ ရဲ၊ ဝန်ထမ်း၊ တပ်နှင့် ရဲမိသားစုဝင်များ စုစုပေါင်း ၆၀၀ခန့်ထွက်ပြေးခဲ့ကြသည်ဟု ချင်းညီနောင်ထံ အလင်းဝင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ရဲမင်းထွန်းက ပြောပြသည်။

အဆိုပါ ထွက်ပြေးသူများအနက် လမ်းခရီး၌ မသေသင့်ဘဲ သေဆုံးသူများရှိခဲ့ကြောင်း၊ ဗျူဟာမှူး၏ ဆုံးဖြတ်ချက်မှားယွင်းမှုနှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ကယ်လို့ရသည့်အချိန်၌ မကယ်တင်သည့်အတွက် ၎င်းတို့ကို ရှုတ်ချကြောင်း ဗိုလ်မှူးရဲမင်းထွန်းက ပြောကြားထားသည်။

(မတူပီမြို့သိမ်းပိုက်ပြီးနောက် တွေ့ရသော ချင်းညီနောင်ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ – PDF Zoland)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မတူပီမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဗုံးကြဲသွားပြီး ဒါဟာ ၁၃ရက်အတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။