မေ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
မတူပီမြို့ကို မေလ ၁၉ရက် ညသန်းခေါင်လောက်မှာ ဗုံးကြဲခဲ့သလို မင်းတပ်မြို့ကို မေလ ၂၀ရက် ညနေပိုင်းမှာ ဗုံးကြဲခဲ့တာပါ။
မေလ ၂၀ရက် ညနေမှာ မင်းတပ်မြို့ တနေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။

Public Service Announcement
” ထိခိုက်ပျက်စီးတာရှိတယ်တော့ ကြားတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
အသေးစိတ်အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မတူပီမြို့ကိုလည်း မေလ ၁၉ရက် ညက ဗုံးကြဲသွားတာလို့ ဒေသခံက ပြောပါတယ်။
The Voice of Chinland ရဲ့ ဖော်ပြချက်မှာ မတူပီမြို့ စန်ဘောင်ရပ်ကွက်ကို ည ၁၁နာရီ ဝန်းကျင်မှာ စစ်တပ်က ၂ကြိမ် ဗုံးကြဲခဲ့လို့ မိုးလုံလေလုံအားကစားရုံနဲ့ အထက ၂ ကျောင်းဆောင်အချို့ ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ မတူပီကို ချင်းညီနောင်နဲ့ မဟာမိတ် AA တို့ ၂၀၂၄ ဇွန်လမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး မင်းတပ်ကို ချင်းညီနောင်မဟာမိတ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ သိမ်းပိုက်ထားတာပါ။
လက်ရှိမှာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေကို စစ်တပ်က လေကြောင်းဗုံးကြဲတာတွေ မကြာခဏ ပြုလုပ်လျက်ရှိရာ မင်းတပ်မြို့ကို အများဆုံးဗုံးကြဲခဲ့ပါတယ်။
အခုမေလ ၁၈ရက်ကလည်း မင်းတပ်မြို့ကို စစ်တပ်က ဖျက်အားပြင်းဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့သလို မေလ ၁၄ရက်က မင်းတပ်မြို့ အနီး တနေရာကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
မေလ ၁၃ရက်ကလည်း မင်းတပ်မြို့ပေါ် တနေရာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် မေလ ၁၂ရက်မှာ မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲမှု ၉ကြိမ် ပြုလုပ်ခဲ့သလို မေလ ၁၁ရက် ညသန်းခေါင်မှာ လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ပါတယ်။
မေလ ၁၁ရက်နဲ့ ၁၂ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းတွေ အပါအဝင် သေဆုံးထိခိုက်မှုတွေ ရှိကြောင်း CPU/CPAက အသိပေးထားပါတယ်။
စစ်တပ်ဟာ ချင်းတောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို လေကြောင်းကနေ ဗုံးကြဲနေသလို အဲဒီ မြို့နယ်တွေနဲ့ ဆက်စပ်နေတဲ့ ဆောမြို့နယ်အပါအဝင် ယောဒေသ ကို စစ်အင်အားဖြည့်တင်းတာ ၊ လေကြောင်း တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ရာ ဒီကနေ့ ညနေပိုင်းမှာ ဆောမြို့နယ် ကျောက်ထု အရှေ့ခြမ်း တနေရာကို လေကြောင်းက ၅ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။
စစ်တပ်ဟာ ချင်း-မကွေးအစပ် ဆောမြို့နယ်ကို စစ်အင်အားအလုံးအရင်း စစ်ကြောင်းထိုးနေသလို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကိုလည်း မကြာခဏ လုပ်ဆောင်လျက်ရှိပါတယ်။
















































