စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀နီးပါးသေ၊ စစ်သုံ့ပန်း ၁၅၀ကျော်ဖမ်းမိ၊ လက်နက် ၃၀၀ကျော်ရဟု ဖော်ပြ
ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တည်ထောင်ပြီး သုံးနှစ်တာအတွင်း ကျေးလက် စစ်ဆင်ရေး၊ မြို့ပြစစ်ဆင်ရေးများ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း SOFက ထုတ်ပြန်သည်။
SOF ဖွဲ့စည်းမှုသည် ယမန်နေ့ (ဇူလိုင် ၂၁ရက်) တွင် သုံးနှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
သုံးနှစ်အတွင်း SOF ပါဝင်ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး အခြေအနေများကို အသိပေးထားရာကျေးလက်စစ်ဆင်ရေးအနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ဒရုန်းတပ်များ နှင့်ပူးပေါင်း၍ တိုက်ပွဲပေါင်း (၇၄) ကြိမ်ဆင်နွှဲခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့တပ်ရင်းအထိုင်စခန်း (၉)ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊(၃)နှစ်တာတိုက်ပွဲများအတွင်း ရန်သူသေဆုံး(၂၄၉)ဦး၊ စစ်သုံ့ပန်း (၁၅၀)ကျော် ဖမ်းဆီးထိမ်းသိမ်းရမိခဲ့ပြီး လက်နက်မျိုးစုံ (၃၀၀)ကျော်သိမ်းဆည်းနိုင်ခဲ့ဟု အသိပေးသည်။
ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင် ၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးများကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် မြို့တွင်းစစ်ဆင်ရေး (၆၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်သား (၁၀၁)ဦးအထိ ချေမှုန်းနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။
SOFအနေဖြင့် ကျေးလက်စစ်ဆင်ရေးတိုက်ပွဲများအား KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ပူးပေါင်း၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီစစ်ဒေသများတွင် တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရန်ကုန်ကိုဦးတည်လျှက် မြို့သိမ်းတိုက်ပွဲများ အောင်မြင်တဲ့အထိ အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
SOF တပ်ဖွဲ့ တည်ထောင်ခြင်း သုံးနှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ သုံးနှစ်အတွင်းအသက်၊ ခန္ဓာဘ၀များ ပေးဆပ်သွားသည့် ပြည်သူ့ သူရဲကောင်းများကိုလေးစားဦးညွှတ်ကြောင်း ဖော်ပြသည်။
အဆင့်ဆင့်သော ကွပ်ကဲရေးမှူးများနှင့် ရဲဘော် တစ်ဦးချင်းစီ၏ ခိုင်မာပြတ်သားသော တော်လှန်ရေး ရပ်တည်ချက်များ၊ ရန်သူ့တပ်ကို စွမ်းစွမ်းတမံ တိုက်ခိုက်ချေမှုန်းမှုများအတွက် ဂုဏ်ယူကြောင်း၊ စစ်ဆင်ရေးကြီးများအတွက် ရဲဘော် အားလုံး အဆင်သင့်ဖြစ်နေမည်ဟု ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။
ပြည်သူ့ ခုခံတွန်းလှန်စစ်သုံးနှစ်အတွင်း SOF တပ်ဖွဲ့မှ ကျဆုံးသူ ၁၈ဦး ရှိခဲ့ရာ ၁၄ဦးသည် ကျေးလက်စစ်ဆင်ရေးများ၌ ကျဆုံးခဲ့ပြီး ၄ဦးသည် မြို့ပြစစ်ဆင်ရေး၌ ကျဆုံးခဲ့သည်ဟု အသိပေးထားသည်။
SOFအနေဖြင့် KNUဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေရှိ တောင်စွန်းစခန်း ၊ကွီလုံတိုင်စခန်း၊ မဲသရောထ စခန်း၊ ရေသရောက်စခန်း စသည့် စခန်းသိမ်းတိုက်ပွဲများ၌ အခြားသော တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူပူးပေါင်းပါဝင်ဆင်နွှဲခဲ့သည်။


















































