Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ် ကံဇီးပျူစောထီးရွာစခန်းအား PDFများ သိမ်းပိုက်

ရဲနှင့်ပျူ ၁၄ဦးသေပြီး လက်နက်ခဲယမ်းများရ၊ ရဲနှင့်ပျူများနှင့် မိသားစုဝင် ၇၀ခန့်အား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး

ချောင်းဦးနယ်အခြေစိုက် PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကံဇီးပျူစောထီးရွာစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး ရဲနှင့်ပျူစောထီး ၁၄ ဦးသေဆုံးကာ ၎င်းတို့၏မိသားစုဝင်များအပါအဝင် ၇၀ ခန့်အား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၁၉ ရက်) နံနက်က ချောင်းဦးမြို့နယ်ရှိ ကံဇီးပျူစောထီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှင့်ပျူစောထီးများ ဒဏ်ရာဖြင့်ထွက်ပြေးသူအများအပြားရှိကြောင်း ချောင်းဦးနယ်အခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

နေ့လယ်ပိုင်းတွင် စခန်းများအား သိမ်းပိုက်နိုင်ခဲ့ပြီး ရဲ တစ်ဦး၊ ပျူစောထီး သုံးဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် ၃၉ ဦး ဖမ်းဆီးရမိကြောင်း၊ ယနေ့ (စက်တင်ဘာ ၂၀ရက်) နံနက်ပိုင်းတွင်လည်း ပျူစောထီးနှင့်၎င်းတို့၏ မိသားစုဝင်များအပါအဝင် ၂၉ ဦး ထပ်မံဖမ်းဆီးရမိကြောင်း ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာနဲ့ထွက်ပြေးတာတွေရှိတယ်။ ဘယ်လောက်သေတယ်ဆိုတာအတည်မပြုနိုင်သေးဘူး။ စစ်သုံ့ပန်းတွေကို အခုလောလောဆယ်မှာတော့ ခေတ္တထိန်းသိမ်းထားတယ်။”ဟု မုံရွာခရိုင်တပ်ရင်းတစ်ခု၏ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် လက်နက်နှင့်ကျည်များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဟု ဆိုသည်။

ကံဇီးပျူစောထီးကျေးရွာဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်တလော သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်လည်း ကံဇီးပျူစောထီးရွာ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပေါက်ကိုယ်တော်အပါအဝင် စစ်တပ်ထောက်ခံသူများက စစ်ကောင်စီအား ဝေဖန်ပြစ်တင်နေကြသည်။

“တော်တော်များများ ရဲလည်းသေတယ်။ ပသစ(ပျူစောထီး)တွေလည်း သေတယ်။”ဟု ပေါက်ကိုယ်တော်က ၎င်း၏တယ်လီဂရန်ချန်နယ်၌ ပြောဆိုနေသည်။

ထို့အပြင် ယမန်နေ့ နေ့လယ်ပိုင်းက ချောင်းဦးမြို့နယ်ဘက်သို့ စစ်ကူသွားသော စစ်ကောင်စီယာဥ်တစ်စီးနှင့် မအူစစ်‌ဆေးရေးဂိတ်မှ မိုင်းရှင်းရန် ထွက်လာသော စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်ကလည်း ချောင်းဦးမြို့နယ်ရှိ ကံကြီးကုန်းပျူစောထီးကျေးရွာအား ကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများကြားမှ ၃ ရက်ဆက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများပြီး စခန်းသိမ်းလုနီးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ သို့သော် ချင်းတွင်းမြစ်ကြောင်းမှတဆင့် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကူများရောက်ရှိလာ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကာကွယ်ရေးပူးပေါင်းတပ်များထံမှ သတင်းရရှိသည်။

မုံရွာခရိုင်တပ်ရင်းများသည် စစ်ကောင်စီလက်အောက်ခံပျူစောထီးကျေးရွာများအပြင် အသေးစားထိတွေ့တိုက်ပွဲများ၊ ပြောက်ကျားစစ်ဆင်ရေးများပါ ပြုလုပ်နေ၍ လက်နက်ခဲယမ်းလိုအပ်ချက် မြင့်မားနေကြောင်း ၎င်းတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။