သီတာ၊ စောနွေဦး/People’s Spring
မြန်မာနိုင်ငံမှာ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (KMTTP)နဲ့ ပတ်သက်လို့ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် အိန္ဒိယက ဆက်လက် အားထုတ်သွားမယ်လို့ အိန္ဒိယဆိပ်ကမ်း၊ကုန်သွယ်ရေကြောင်းနဲ့ ရေလမ်းကြောင်းဝန်ကြီးက ပြောကြားပါတယ်။
ဝန်ကြီး ဆာရာဘာနန်ဒါ ဆိုနိုဝယ်လ်က Businessline နဲ့ အင်တာဗျူးမှာ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆိပ်ကမ်းဆိုင်ရာ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ဆိုခဲ့တာပါ။
သူက အိန္ဒိယဟာ မြန်မာရော၊ ဘင်္ဂလားဒေ့ရှ်နဲ့ပါ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေးတွေကို လက်ရှိ အနေအထားမှာ ထိန်းသိမ်းထားရုံသာ မကဘဲ ပိုမိုကောင်းမွန်တဲ့ အခြေအနေမျိုး မြှင့်တင်သွားဖို့လည်း ရည်သန်ထားကြောင်း ဆိုပါတယ်။ အဲဒီအတွက် စိန်ခေါ်မှုတွေ ကြုံရမှာကို နားလည်ပေမယ့် အကောင်းဆုံး မျှော်လင့်ရင်း ရှေ့နေမယ်လို့ ဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆိုရင်တော့ KMTTPရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်း စီမံကိန်းတွေ ဆက်လက် လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ် ဆွေးနွေး ညှိနှိုင်းနေတယ်လို့ သူက ဆိုပါတယ်။ အိန္ဒိယဟာ နိုင်ငံရဲ့ ပင်မ အစိတ်အပိုင်းတွေနဲ့ သီးခြားကွဲထွက်သလို ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ပြည်နယ်တွေကို ဆက်သွယ် ထိန်းချုပ်ရာမှာ မြန်မာနိုင်ငံ ပိုင်နက်ကို ဖြတ်သန်းတည်ဆောက်မယ့် KMTTP ပရောဂျက်အပေါ် အများကြီး မျှော်လင့်ချက် ထားရှိပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေက အိန္ဒိယရဲ့ စီမံကိန်းတွေအပေါ် သက်ရောက်မှုတွေ ရှိနေပြီး အဲဒါနဲ့ ပတ်သက်လို့ ဝန်ကြီးက သူ့သဘောထား မှတ်ချက်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနဲ့ ပတ်သက်ရင် သူ့ရဲ့ ဝန်ကြီးဌာနက ဦးစားပေး ကြိုးစားနေတာဟာ စစ်တွေဆိပ်ကမ်း ဆက်လက် လည်ပတ်နိုင်ရေးဖြစ်ပြီး အဲဒီအတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေလိုပြောပေမယ့် စစ်ကောင်စီအပြင် အာရက္ခတပ်တော်(AA)ပါ မပါဆိုတာကိုတော့ မသိရပါဘူး။
အာရက္ခတပ်တော်(AA)က ပလက်ဝမြို့နယ် တစ်ခုလုံး နဲ့ ကုလားတန်မြစ်ကြောင်းတလျောက်ကိုသိမ်းပိုက်ထိန်းချုပ်ထားသလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာစစ်တွေမြို့မှအပ ကျန်ဒေသအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ ရခိုင်
ပြည်နယ်က ကျန်နေသေးတဲ့ စစ်တပ်စခန်းတွေအားလုံးကိုလည်း AAကအပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်မယ်လို့ကြေညာပြီး မောင်တောမြို့ကလက်ကျန်စစ်ကောင်စီစခန်းတွေ နဲ့ အမ်း မြို့နယ် ၊ဂွမြို့နယ်က စစ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
KMTTP ရဲ့ စီမံကိန်း တည်ဆောက်မှုဟာ ကုန်းတွင်း ဆက်သွယ်ရေး လမ်းကြောင်းမှာ ကန့်သတ်ချက်တွေ ရှိနေတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေကို ပင်လယ်ပြင်ကနေ ကုန်သွယ် ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အဲဒီအတွက် စစ်တွေ ရေနက်ဆိပ်ကမ်းက အရမ်းအရေးကြီးတဲ့ ဆုံချက်မျိုးမှာ ရှိနေပါတယ်။
ကုလားတန်ဘက်စုံစီမံကိန်းဟာအိန္ဒိယနိုင်ငံ၊ ကာလကတ္တားဆိပ်ကမ်းကနေ စစ်တွေဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်းကနေ ချင်းပြည်နယ်၊ပလက်ဝအထိ ရေကြောင်းမှ ကုန်စည်ပို့ဆောင်မှာဖြစ်ပြီး ပလက်ဝကနေ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေကိုကုန်းလမ်းကနေကုန်စည်ပို့ဆောင်မယ့်စီမံကိန်းဖြစ်ပါတယ် ။ အဲဒီ စီမံကိန်းကို မြန်မာနဲ့ အိန္ဒိယကြား ၂၀၀၈ ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပြီးတော့ ၂၀၀၉ခုနှစ်မှာစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဆိုနိုဝယ်လ်က အိန္ဒိယရဲ့ ကိုလ်ကတ္တားနဲ့ တခြားဆိပ်ကမ်းတွေကနေ ပင်လယ်ပြင်ကို ဖြတ်သန်း တင်ပို့လိုက်တဲ့ ကုန်စည်တွေဟာ မြန်မာနိုင်ငံရဲ့ ရခိုင်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ စစ်တွေ ဆိပ်ကမ်းကို ရောက်ရှိမှာဖြစ်ကြောင်း၊ အဲဒီကနေတဆင့် ကုလားတန်မြစ်ကို အခြေပြုတဲ့ ကုန်းတွင်း ရေလမ်းကြောင်း၊ ဒေသတွင်းကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ အဝေးပြေး ကားလမ်းတွေကို အသုံးပြုပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ဆီ ကုန်သွယ်ရေး လမ်းကြောင်း တည်ထောင်မှာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒီ လမ်းကြောင်းဟာ အသွားရော၊ အပြန်ပါ ကုန်စည် စီးဆင်းမှုတွေကို အရှိန်အဟုန် ကောင်းစေဖို့ ရည်ရွယ် သတ်မှတ်ထားတာပါ။
အိန္ဒိယက ထူထောင်ထားတဲ့ IPGL ကုမ္ပဏီဟာ KMTTP ပရောဂျက် တစ်ခုလုံးရဲ့ လည်ပတ်မှုနဲ့ ရေရှည် ထိန်းသိမ်းမှုကဏ္ဍ၊ ကုလားတန်မြစ်ကို အခြေပြုပြီး ပလက်ဝမြို့မှာ တည်ဆောက်မယ့် ကုန်းတွင်း ရေလမ်းကြောင်း ဆိပ်ကမ်း လည်ပတ်ရေး စတာတွေကို အဓိက တာဝန်ယူမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။
သူက တရုတ်နဲ့ ဥရောပ သမဂ္ဂတို့ရဲ့ စီးပွားရေး တိုးတက်နှုန်း နှေးကွေးမှုတွေဟာ ကမ္ဘာ့ကုန်သွယ်မှု အရှိန်အဟုန်အပေါ် ထိခိုက် သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပြီး အဲဒီအတွက် အိန္ဒိယကလည်း ကြိုတင် ပြင်ဆင်မှုတွေ လိုအပ်လိမ့်မယ်လို့ မှတ်ချက် ပေးသွားပါတယ်။ အထူးသဖြင့် နိုင်ငံတကာက အမျိုးမျိုးသော အလှည့်အပြောင်းတွေကို ရင်ဆိုင် ဖြတ်သန်းနေရတဲ့တိုင်အောင် အိန္ဒိယဟာ နိုင်ငံ စီးပွားရေး တိုးတက်မှုမှာ အဓိကတွန်းအားတစ်ခုဖြစ်တဲ့ကုန်သွယ်ရေကြောင်း ကဏ္ဍကိုအားကောင်းအောင်နည်းလမ်းမျိုးစုံ နဲ့ ဆက်လက် ထိန်းသိမ်းသွားမယ်လို့လည်း ဝန်ကြီးက ပြောကြားသွားပါတယ်။
ကိုးကား-Businessline