Connect with us

Hi, what are you looking for?

သတင်း

AA၏ နပခထိုးစစ်စတင် ၊ တိုက်ပွဲပြင်းထန်​နေ

အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အနီး၌ တိုက်ပွဲပြင်းထန်နေသလို ဧရာဝတီတိုင်းနှင့် နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း တိုက်ပွဲဖြစ်နေသည်။

စစ်​ကောင်စီ၏ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ​​ရှေ့ပိုင်းကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

လူအေး/People’s Spring

အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အနီး၌ တိုက်ပွဲပြင်းထန်နေသလို ဧရာဝတီတိုင်းနှင့် နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း တိုက်ပွဲဖြစ်နေသည်။

“အမ်းတိုက်ပွဲကို စက်တင်ဘာလ ၂၆မှာ စတာဗျ။အဲ့ဒီ‌နေ့ကတည်းက တိုက်ပွဲက ဆက်နေတာ။ AAက အမ်းထိုးစစ်ကို စပြီလို့ပြောရမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ငါးမိုင်ခန့်အကွာ မဲတောင်ဝန်းကျင်၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

အမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ AA က စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ထားသည်။

အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါစစ်ကြောင်းနှင့်စက်တင်ဘာလ (၂၆) ရက်နှင့် ၂၇ရက် နံနက်၌တိုက်ပွဲဖြစ်ခဲ့ပြီး အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ကောင်စီသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်တွင်ထိခိုက်​သေဆုံးများခဲ့ပြီး ၅၀ဦးထက်မနည်းသေဆုံးသည့်သတင်းများကြားရကြောင်း ဒေသခံအချို့ကပြောသည်။

AA က အသေးစိတ်သတင်းမထုတ်ပြန်သော်လည်း “ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်” ဟု​ ဖော်ပြထားသည်။

AAတိုက်ခိုက်​​နေသော စခန်းများမှာ နပခ ၏ ကာကင်းများဖြစ်ပြီး ကာကင်းနှင့် စခန်းငယ်များသိမ်းပြီးပါက နပခ ဌာနချုပ်စခန်းကိုဝင်တိုက်မည်ဟုထင်​ကြောင်း စစ်​ရေး​လေ့လာ​နေသူတစ်ဦးက​ပြောသည်။

ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ်က နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AAက သတင်းထုတ်ပြန်ထားသည်။ဂွမြို့နယ်သည် ဧရာဝတီတိုင်း

နှင့် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီစခန်းများကို AAက ထိုးစစ်စင်တိုက်ခိုက်မည်ဖြစ်၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ ဂွမြို့နယ်ဒေသခံအများအပြားသည် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတမြို့များသို့ တိမ်းရှောင်လာကြသည်။

တိုက်ပွဲပြင်းထန်‌​နေသည့်မောင်တောမြို့တွင်လည်း မြို့ပြင်၌ စစ်ကောင်စီ၏ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AAက စက်တင်ဘာလ ၂၇ရက်၌ သတင်းထုတ်ပြန်ထားသည်။ရခိုင်ပြည်နယ်၌ တိုက်ခိုက်သိမ်းယူရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးမှာ ဗိုလ်ချုပ်ကျော်စွာဦးဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်းတိုက်ပွဲများတွင် ရခိုင်ပြည်မှ မြို့နယ်အချို့လက်လွှတ်ရပြီးနောက် ယခင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးဖြင့်အစားထိုးခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်​တော် သည် ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် စတင်ခဲ့ရာ စစ်ဆင်ရေးတစ်နှစ်မပြည့်မီ ချင်းပြည်နယ် ပလက်၀ မြို့နယ်နှင့် ရက္ခိုင်ပြည်နယ်ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ သံတွဲ၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ထိုအပြင် မောင်တော၊ ဂွ၊ အမ်း၊ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရက္ခိုင်ပြည်နယ် တစ်ခုလုံးသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်မည်ဖြစ်ကြောင်း AAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။