Connect with us

Hi, what are you looking for?

သတင်း

တိုင်းပြည်၏ နေရာအများအပြားကို စစ်တပ်က လက်တွေ့ထိန်းချုပ်နိုင်ခြင်းမရှိချိန်တွင် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ဟု အမေရိကန်ပြော

စစ်တပ်က နိုင်ငံတဝန်းအရပ်သားများအပေါ် အကြမ်းဖက်ရန် ကြိုးပမ်းမှုများကို ရပ်တန့်ရန် လိုအပ်ဟုဆို

အမေရိကန်၏ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အထူးသံအမတ်ကြီး ဗန်ရှချက်ကို သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - US State Department

အီယိုရီ/People’s Spring

တိုင်းပြည်၏ နေရာအများအပြားကို စစ်တပ်က လက်တွေ့ထိန်းချုပ်နိုင်ခြင်းမရှိချိန် လက်ရှိကာာလတွင် တရားဝင်ရွေးကောက်ပွဲတစ်ခုကို ကျင်းပရန် မဖြစ်နိုင်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

အမေရိကန်အစိုးရ၏ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု အထူးသံအမတ်ကြီး ဗန်ရှချက်၏ လေးရက်ကြာထိုင်းခရီးစဥ်အပြီး စစ်ကောင်စီကျင်းပရန် ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“တကယ့်စိုးရိမ်မှုကတော့ လက်ရှိကာလမှာ တရားနည်းလမ်းတကရွေးကောက်ပွဲတစ်ခုပြုလုပ်ဖို့ဆိုတာ ဘယ်လိုမှ စဥ်းစားပုံဖော်ကြည့်လို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ရဲ့နေရာတော်တော်များများကို စစ်တပ်(မူရင်းတွင် တပ်မတော်)က လက်တွေ့ကျကျ ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ပြည်သူတစ်ဦးချင်းစီအနေနဲ့ လက်ရှိသူတို့လုပ်နေတဲ့ သန်းခေါင်စာရင်းကောက်ယူရေးမှာ ဘယ်လိုပါဝင်ဖို့ ဖြစ်နိုင်မလဲ၊ ဒါမှမဟုတ် နောက်ဆုံး လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲလုပ်ငန်းစဥ်မှာ မဲထည့်ဖို့ ဘယ်လိုဖြစ်နိုင်မလဲ” ဟု အထက်ပါ အထူးသံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အမေရိကန်အထူးသံအမတ်ကြီးသည် အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး ကိစ္စရပ်များဆွေးနွေးရန် ထိုင်းနိုင်ငံသို့ အောက်တိုဘာ ၄ရက်မှ ၇ရက်အထိ လာရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဥ်အတွင်း ထိုင်းအစိုးရ တာဝန်ရှိသူများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ အရပ်ဘက်အဖွဲ့များ၊ ပညာရှင်များ၊ လူသားချင်းစာနာမှုပေးအပ်သူများ၊ သံတမန်အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များနှင့် ကဏ္ဍစုံမိတ်ဖက်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲတစ်ခုကို မှန်းဆမရချိန်တွင် မြန်မာနိုင်ငံအခြေအနေမှာ သိသာစွာ တိုးတက်လာရန် လိုအပ်ပြီး စစ်တပ်(မူရင်းတွင် တပ်မတော်)က နိုင်ငံတဝန်းအရပ်သားများအပေါ် အကြမ်းဖက်ရန် ကြိုးပမ်းမှုများကို ရပ်တန့်ရန်လိုအပ်ကြောင်း အမေရိကန်အထူးသံအမတ်ကြီးက တိုက်တွန်းသည်။

အလားတူ မြန်မာစစ်တပ်အပါအဝင် လက်နက်ကိုင်အားလုံးသည် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာရန်လိုအပ်ပြီး အရပ်သားအုပ်ချုပ်ရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တိုင်းပြည်ပြန်လည်ရောက်ရှိရေးအတွက် အပစ်ခတ်ရပ်စဲရေး၊ ပိုမိုတာရှည်ခံသည့်အဖြေရှာဖွေရေးလုပ်ငန်းစဥ်အပေါ် စစ်မှန်စွာကတိကဝတ်ပြုသင့်ကြောင်း ဆက်လက်တိုက်တွန်းသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တရားမ၀င် စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိအခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲကို ကျင်းပရန် သင့်လျော်သည့် အခြေအနေမဟုတ်သည်မှာ ထင်ရှားကြောင်း အောက်တိုဘာ ၁၀ ရက်တွင်ကျင်း ပသော (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တစ်ရပ်၌ ထပ်မံတိုက်တွန်းသည်။

အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် အကြမ်းဖက်စစ်တပ်၏ ကြိုးပမ်းမှုမှန်သမျှကို မြန်မာပြည်သူများက ပြတ်ပြတ်သားသားကန့်ကွက်ကြပြီး နိုင်ငံတကာအသိုက်အဝန်းကလည်း အလားတူလုပ်ဆောင်သင့်ကြောင်း အထက်ပါမြန်မာသံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။