နိုင်ပကောင်း/People’ Spring
ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် KNU တပ်မဟာ (၅) နယ်မြေ ဆောဘွဲဒဲ ကျေးရွာထဲကို အောက်တိုဘာ ၂၅ ရက်က စစ်ကောင်စီလေတပ် ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဘုရားကျောင်းနဲ့ မူကြိုကျောင်း ထိခိုက် ပျက်စီးသွားတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
အောက်တိုဘာလ ၂၅ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်က ဖာပွန်ခရိုင် ၊ ဆောဘွဲဒဲကျေးရွာ ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန် ဘုရားကျောင်း ၊ မူကြို ကျောင်းအပါအဝင် အဆောက်အဦး ၆ ခု ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

Public Service Announcement
ဘုရားကျောင်း၊ ကျေးရွာ စုဝေးခန်း၊ မူကြိုကျောင်းနဲ့ လူနေအိမ် ၃ လုံး စုစုပေါင်း အဆောက်အဦး ၆ ခု ပျက်စီးသွား ပြီး လူသူထိခိုက်မှု မရှိဘူးလို့ ဗိုလ်မှုးကြီး စောကလယ်ဒို က ဆိုပါတယ်။
“ လေယာဉ်ခဏခဏလာဝဲနေလို့ ရွာသူရွာသားများ ရွာထဲမှာ မအိပ်ရဲမနေရဲကြတဲ့အတွက် တစ်ယောက်မှ ထိခိုက်သေဆုံးဒဏ်ရာရရှိမှု မရှိပါ” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU တပ်မဟာ (၅) နယ်မြေ ၊ ဖာပွန်ခရိုင်မှာ စစ်ကောင်စီက တပ်စခန်းတွေလက်လွှတ်ရတာ ၊ ဆုတ်ခွာပေးရတာတွေ ရှိနေပါတယ်။
၂၀၂၁ခုနှစ်မတိုင်ခင် က ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်စခန်း ၇၀ ကျော်ရှိပေမယ့် လက်ရှိမှာ စခန်း ၁၀ ခု ဝန်းကျင်သာရှိတော့တာလို့ KNU တပ်မဟာ (၅) ရဲ့စာရင်းအရသိရပါတယ်။
ဒါအပြင် ကျန်ရှိနေတဲ့ ဖာပွန်ဗျုဟာအပါအဝင် ကျန်ရှိတဲ့ စခန်းတွေကိုလည်း KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားပါတယ်။
















































