Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်ရှိ တညောင်ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံအား တော်လှန်ရေးပူးပေါင်းတပ်များ တပြိုင်နက်တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားများတပ်စွဲထားသော တညောင်နယ်မြေရဲစခန်းနှင့် လျှပ်စစ်ခွဲရုံအား တော်လှန်ရေးပူးပေါင်းတပ်များ တပြိုင်နက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

(တညောင်နယ်မြေရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေရစဥ်။ဓာတ်ပုံ - စလင်းပကဖ)
(တညောင်နယ်မြေရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေရစဥ်။ဓာတ်ပုံ - စလင်းပကဖ)

ဟာနာဆန်/People’s Spring

နိုဝင်ဘာ ၅ရက် နံနက် ၅နာရီခန့်က မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မကွေးတိုင်း-ပကဖ) စီမံမှုဖြင့် တညောင်တိုက်နယ်ရှိ တညောင်နယ်မြေရဲစခန်းနှင့် လျှပ်စစ်ခွဲရုံအား စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်းပကဖ) စစ်ရေးစီမံချက်အရ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်သားများရှိရာ အဆိုပါ နေရာနှစ်ခုအား လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာအများအပြား ရရှိသွားကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

“တိုက်ပွဲက နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက်တော့ ကြာခဲ့တယ်။ သူတို့ဘက်က ကျည် အားတော့တော်တော်နည်းတယ်။ ပြန်လည်ပစ်ခတ်တာ သိပ်မရှိခဲ့ဘူး။ အင်အားက သိပ်မရှိဘူး။ နှစ်ဆယ်သုံးဆယ်လို့ပဲကြားတယ်။ ကျွန်တော်တို့တညောင်ရဲစခန်း အုတ်တံတိုင်းဘေးအထိ ကပ်နိုင်ခဲ့တယ်။”ဟု Chauk Guerilla Force(CGF)တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တညောင်နယ်မြေရဲစခန်းပတ်လည်ရှိ အတားအဆီးများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

တိုက်ပွဲမှာ ၄၅ မိနစ်ခန့်ကြာခဲ့သော်လည်း စစ်ကောင်စီတပ်က စစ်ကူလာခြင်း၊ လက်နက်ကြီးပစ်ကူပေးခြင်း မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း-ပကဖ)နှင့် ရပ်ကျေးပကဖများ၊ မင်းဘူးခရိုင်ပကဖ၊ မကွေးတိုင်းပကဖ၊ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦး၊ Chauk Guerilla Force(CGF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်ကလည်း တညောင်နယ်မြေရဲစခန်းကို စလင်းပကဖအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းဗဟိုကင်းပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ရဲ လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။