Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်သို့ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေဟု KNDF ဒုစစ်ဦးစီးချုပ်ပြော

ကရင်နီပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ်မာဝီက ပြောသည်။

(လွိုင်ကော်မြို့ရှိ ခလရ(၅၄)တပ်အတွင်း တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ-CJ)
(လွိုင်ကော်မြို့ရှိ ခလရ(၅၄)တပ်အတွင်း တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ-CJ)

ရဲခေါင်/People’s Spring

လက်ရှိ ကရင်နီနှင့် ရှမ်းတောင် စစ်မျက်နှာပြင်၌ အဓိက​လုပ်ရှားနေသည့် မြေပြင်တပ်ရင်းနှစ်ရင်းဖြစ်သော KNDF B-03နှင့် မိုးဗြဲ MB PDF(1001) တို့၏ ခဲယမ်းလိုအပ်ချက်ကိုဖြည့်တင်းပေးရန် “စုပေါင်းကူညီထောက်ပို့ကျည်”ကမ်ပိန်း အစီအစဥ်တွင် မာဝီက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကရင်နီမှာ အဓိကဝင်နိုင်တဲ့ လမ်းကြောင်းနှစ်ခု ရှိတယ်။အဲဒီလမ်းကြောင်းနှစ်ခုထဲမှာမှ ဖယ်ခုံ -မိုးဗြဲ -လွိုင်ကော် လမ်းကြောင်းပေါ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်တယ်။အခုဆိုရင်လည်း ကရင်နီကို အင်အားအလုံးအရင်းနဲ့ ထည့်နေတဲ့အခြေအနေတွေရှိတယ်။ဒီလမ်းပိုင်းတွေကို ပြန်ယူပြီး လွိုင်ကော်ကနေ ဘောလခဲ- ဖားဆောင်းအစရှိသဖြင့် သူတို့ကြိုးစားချင်နေတဲ့အနေအထားရှိတယ်။သူတို့ရည်မှန်းချက်တွေကို ဟန့်တားနိုင်ဖို့အတွက် တပ်ရင်းနှစ်ခုက တာဝန် ယူဆောင်ရွက်နိုင်ပါလိမ့်မယ်”ဟု KNDF ဒုစစ်ဦးစီးချုပ်က ပြောသည်။

ထို့ကြောင့် ယခုပြုလုပ်သည့် ကမ်ပိန်းကိုလည်း တက်နိုင်သ၍ ပါဝင်ကူညီပေးရန်လည်း ၎င်းက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

“တစ်နည်းအားဖြင့် ဒီတပ်ရင်းတွေ (မိုးဗြဲ PDF တပ်ရင်း ၁၀၀၁နှင့် KNDF တပ်ရင်း ၃)ဟာ ကရင်နီရဲ့ ပထမတန်းစစ်မျက်နှာ( First fire zone )မှာ တည်ရှိစုဖွဲ့ထားတဲ့တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ပထဝီအနေ အထားအရ လုံးဝကျိုးပေါက်လို့မရတဲ့ Attack line နဲ့ Defence line တွေဆိုလဲမမှားပါဘူး။ အနီးဆုံး Border line မှာ စကစလက်အောက်ခံအသွင်ပြောင်း PNO ပြည်သူ့စစ်အပြင် စကစရဲ့နေ့စဥ်ထိုးစစ်တွေကိုပါ အဓိက ခုခံကာကွယ်နေရတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်နေပြန်ပါတယ်”ဟု ကမ်ပိန်းတာဝန်ရှိသူက ပြောသည်။

ကရင်နီပူးပေါင်းတပ်၏ ‘၁၁၁၁ စစ်ဆင်ရေး’ အတွင်း မြို့ ခုနစ်မြို့နှင့် စခန်းကုန်း ရာဂဏန်းဝန်းကျင်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် ပအိုဝ်းပြည်သူ့စစ်၏ အထူးဒေသ(၆)တွင် ခြေကုတ် အင်အားယူပြီးအသွင်ပြောင်း PNO ပြည်သူ့စစ်၏ အကူညီဖြင့် ဆုံးရှုံးနယ်မြေများ ပြန်လည်စိုးမိုးရန် ၂၀၂၄ဇွန်လကစ၍ စစ်ကြောင်းထိုးခဲ့သည်။

“ပထမအကြိမ် စကစနဲ့ PNO ရဲ့ ထိုးစစ်က ဆီဆိုင်- လွိုင်ကော်လမ်းကြောင်း ပေါ့။အဲဒီစစ်ကြောင်းက ဒီးမော့ဆိုအထိ ရောက်တယ်။လူ၊ရိက္ခာ အင်အားထပ်ဖြည့်တာရော။တပ်ချိန်းတာရော ရှိတယ်။စက် တင်ဘာလက ထိုးလာတာ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းမှာလည်း ဖယ်ခုံမြို့ထဲကို စကစ ဝင်နိုင်ပြီ။မိုးဗြဲ ဘက်ကိုတော့ မရောက်သေးဘူး။ဒါပေမယ့် နယ်မြေအရဆိုရင် ဆက်ထိုးလာလိမ့်မယ်။တိုက်ပွဲတွေ ပြင်းထန်လာဖို့ပဲရှိတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

စစ်ဖက်ရေးရာအချက်အလက်များအရ စစ် ကောင်စီ၏ ကရင်နီအခြေစိုက် ပင်မတပ်ရင်းများတွင် ယခုနှစ်လဝက်မတိုင်မီက အင်အားသုံးထောင်နှင့် လေးထောင်ကြားရှိနိုင်ပြီး လက်ရှိစစ်ကြောင်းထိုးနေသူများအပါအဝင် ထပ်မံ အင်အားဖြည့်တင်းမှုအရ အင်အား ခြောက်ထောင်ဝန်းကျင်ထက်မနည်းရှိနိုင်သည်ဟု ၎င်းက အသိပေးသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်သည့် လူထုအခြေပြုအင်အားစုများအားကောင်းရာ ကရင်နီပြည်နယ်တွင် အောက်တိုဘာလကုန်အထိ တိုက်ပွဲပေါင်း ၁,၃၀၀ ဝန်းကျင်ဖြစ်ပွားခဲ့ပြီး ယခုလ တွင်လည်း ရှမ်း-ကရင်နီ နယ်စပ်တွင် နေ့စဥ် နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။