ဇေအောင်/People’s Spring
အင်းစိန်ဗဟိုအကျဥ်းထောင်၌ သေဒဏ်ချမှတ်ခံထားရသော သန်လျင်ရေတပ်ဌာနချုပ်မှ CDM ရေတပ်သားတစ်ဦး ဆေးဝါးစောင့်ရှောက်မှုမရ၍ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အင်းစိန်အကျဥ်းထောင်၌ သေဒဏ်ကျခံထားရသည့် သန်လျင်ရေတပ်ဌာနချုပ်မှ CDMပြုလုပ်ခဲ့သည့် တပ်သား ကိုပြည့်စုံဦးသည် ကျောက်ကပ် ရောဂါဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီးနောက် နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီခွဲခန့်က ကွယ်လွန် ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အဆိုပါရေတပ်သားသည် စစ်တပ်အာဏာသိမ်းစဉ်တွင် ၂၀၂၁ မတ်လအတွင်းက ပြည်သူ့ဘက် ရပ်တည်ပြီး CDMပြုလုပ်ခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

Public Service Announcement
၎င်းသည် တော်လှန်ရေးလုပ်ငန်းများဆောင်ရွက် နေစဉ် ၂၀၂၂ သြဂုတ် ၂၇ရက်က ဖမ်းဆီးခံခဲ့ရပြီးနောက် သံလျင်ရေတပ်မှ တပ်ပြေးပုဒ်မနှင့် အခြားပုဒ်မများဖြစ်သည့် ပုဒ်မ တမအ(၃၇) (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂)တို့ဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၃ စက်တင်ဘာ ၁၂ရက်တွင် ၎င်းအား စစ်ကောင်စီက သေဒဏ်ချမှတ်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း PPNMက ရှင်းပြသည်။
အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားခဲ့ရပြီး ခြောက်လအကြာတွင် ရောဂါပြင်းထန်လာပြီးနောက် ယခုကဲ့သို့ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း PPNM၏ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“အကျဥ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ရောက် လာသမျှ ဖိနှိပ်ခံရတယ်။ တော်လှန်ရေးသမားဖြစ်စေ၊ CDM ဖြစ်စေ တန်းတူပဲအဖိနှိပ်ခံနေရတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာအတွင်းကသန်လျင်ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးသည် လက်နက်အချို့ယူဆောင်ကာ ထွက်ပြေးခဲ့သည်။ ထို့အပြင် ခွင့်ဖြင့်ပြန်နေသူများပါ ဆက်သွယ်ခြင်းမရှိတော့၍ ထွက်ပြေးသူ ၅၀နီးပါးအထိရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ ၁၁လအတွင်း နိုင်ငံတဝှမ်းအကျဥ်းထောင် များအတွင်း ဆေးဝါးစောင့်ရှောက်မှုမရ၍ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၀ဦး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။
