ဇူလိုင် ၂၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring
နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်မှမတရားအာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆိုးရွားတဲ့ ထောင်တွင်းအခြေအနေတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေဟာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ကာ သေဆုံးမှုနှုန်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။
ရရှိထားတဲ့ အချက်အလက်တွေအရ၂၀၂၁ ဇူလိုင်ကနေ၂၀၂၆ မေလအထိ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်ပေါင်း (၃၂) ခုမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရရှိဘဲ မတရားဖမ်းဆီးထိန်းသိမ်းခံရစဉ် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၄၈) ဦး ရှိခဲ့ပြီဖြစ်ကြောင်း PPNMက ထပ်မံအသိပေးပါတယ်။

Public Service Announcement
သေဆုံးသူ (၁၄၈) ဦးအနက် အမျိုးသားနိုင်ငံရေးအကျဉ်းသား သေဆုံးမှုမှာ ၈၆ ရာခိုင်နှုန်း ဖြင့် အများဆုံးရင်ဆိုင်ခဲ့ရပြီး အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ သေဆုံးမှု ၁၃ ရာခိုင်နှုန်း နဲ့ လိင် စိတ်ခံယူမှုကွဲပြားသူ LGBT သေဆုံးမှု ၁ရာခိုင်နှုန်း ရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။
သေဆုံး အသက်အရွယ်အပိုင်းအခြားမှာ အသက် (၃၆) နှစ်မှ (၅၅) နှစ်ကြားရှိ လုပ်ငန်းခွင်ဝင်နိုင်တဲ့လူကြီးပိုင်းအရွယ် အများဆုံးဖြစ်ပြီး အသက် (၁၇) နှစ်အောက် ကလေးနဲ့ လူငယ် (၂) ဦးအပြင် အသက် (၇၀) ကျော် သက်ကြီးရွယ်အို နိုင်ငံရေးအကျဉ်းသားများပါ ပါဝင်နေတယ်လို့ PPNM က ရှင်းပြပါတယ်။
ကာလအပိုင်းအခြားအရ ၂၀၂၃ ဟာသေဆုံးမှုနှုန်း အမြင့်ဆုံးနှစ် ဖြစ်ခဲ့ပြီး၊ ထောင် အလိုက် ဖြန့်ကြက်မှုမှာ အင်းစိန် အကျဉ်းထောင် ဟာသေဆုံးမှုနှုန်း (၃၄.၅ရာခိုင်နှုန်း ဖြင့် အမြင့်ဆုံးဖြစ်ကာ အိုးဘိုအကျဉ်းထောင်က ၁၂.၈ ရာခိုင်နှုန်း ဖြင့် ဒုတိယအမြင့်ဆုံးရှိနေပြီး ဒိုက်ဦး ၅.၄% ရာခိုင်နှုန်း ၊ မကွေး ၄.၇ ရာခိုင်နှုန်းနဲ့ သာယာဝတီထောင် ၄.၁ ရာခိုင်နှုန်း ရှိခဲ့ကာ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
“ဒီဇွန် ဇူလိုင်ထဲမှာပဲ နိုင်ငံရေးအကျဥ်းသား သေဆုံးမှုတွေ ရှိပါတယ်။ ဒါကလည်း PPNMက လက်လှမ်းမီသမျှ အချက်အလက်တွေပေါ်မှာပဲ အတည်ပြုထုတ်ပြန်တာဖြစ်တဲ့အတွက် ဒီ့ထက်ပိုမိုများပြားတဲ့ ကျဆုံးမှု၊ သေဆုံးမှုတွေ ထောင်ထဲမှာ ဖြစ်ပေါ်နိုင်တယ်ဆိုတာကို ပြည်သူလူထုကို သတင်းစကား ကြိုပါးထားလိုပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ဒုတိယဦးစားပေးအဆင့်သာ သတ်မှတ်ထားတာ၊ အချိန်မီ ဆေးကုသခွင့် ကန့်သတ်ထားတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ကာကွယ်ကုသလို့ရတဲ့အခြေအနေမှာပါ အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ သိရပါတယ်။
အဓိက သေဆုံးရတဲ့အကြောင်းအရင်းတွေဟာနှလုံးရောဂါ၊ အသည်းပျက်စီးတာ၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာ၊ နာတာရှည်ရောဂါတွေကြောင့် သေဆုံးမှု (၆၄မှု)နဲ့ အများဆုံးဖြစ်ပြီး၊ အောက်ဆီဂျင်ပြတ်လပ်မှု၊ ကိုဗစ်-၁၉၊ သွေးဆိပ်သင့်မှုနဲ့ တီဘီရောဂါကဲ့သို့သော ကူးစက်တတ်တဲ့ စူးရှပြင်းထန်ရောဂါများကြောင့် သေဆုံးမှု (၁၆ မှု) ရှိခဲ့ကြောင်း PPNMက အသိပေးပါတယ်။
ဒါ့အပြင် စစ်ဆေးမေးမြန်းချိန် တိုက်ရိုက်ရရှိခဲ့တဲ့ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရမှု (၇ မှု) ရှိခဲ့တဲ့အပြင်၊ အစာအိမ်ရောဂါ၊ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာနဲ့အူအတက်ပေါက်တာ စတဲ့ အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ပြင်းထန်တဲ့ ဖျားနာမှုနဲ့ အာဟာရချို့တဲ့မှုတွေကြောင့်လည်း အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ PPNMရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာပြစ်ဒဏ်သက်တမ်း ၃ လမှ ၅ နှစ်ကြား ကျခံနေရသူတွေနဲ့ အမှုရင်ဆိုင်ဆဲ အချုပ်သားတွေဖြစ်ကြပြီး စစ်အုပ်စု တော်လှန်ရေးအရှိန်အဟုန် နှိမ်နင်းဖို့ အသုံးချနေတဲ့ မတရားပုဒ်မတွေအောက်မှာ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအောက်မှာ အမျိုးသားနိုင်ငံရေးအကျဉ်းသား သေဆုံးမှု အများဆုံးဖြစ်နေပြီး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းဥပဒေ ၁၇(၁)၊ ရွေးေကောက်ပွဲဥပဒေပုဒ်မ ၂၃ တို့အောက်မှာလည်း အမျိုးသားနိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုနဲ့အများဆုံးရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၀၂၊ ၃၃၆၊ ၄၂၇၊ ၄၃၆ တို့အောက်မှာလည်း အမျိုးသားသေဆုံးမှုများ ရှိခဲ့ပြီး၊ စစ်ကောင်စီရဲ့ ထောင်တွင်းအချက်အလက် ပိတ်ဆို့မှုတွေကြောင့် ဥပဒေပုဒ်မ မသိရှိရသေးတဲ့ သေဆုံးမှု စုစုပေါင်း (၃၅ မှု) သို့မဟုတ် ရာခိုင်နှုန်းအားဖြင့် (၂၃.၆%) အထိ ရှိနေတယ်လို့ သိရပါတယ်။
Nelson Mandela Rules ကဲ့သို့ ချုပ်နှောင်ထားခြင်းဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေအရ အကျဉ်းသားတွေဟာ လူ့အသိုင်းအဝိုင်းမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ ရရှိနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ညီမျှတဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိဖို့ လိုအပ်တယ်လို့ PPNMက ထောက်ပြပါတယ်။
နိုင်ငံတကာကို စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသမှုရရှိတယ်လို့ လူသိရှင်ကြား လိမ်လည်ပြောဆိုနေပေမဲ့ ယခုအစီရင်ခံစာမှာ တွေ့ရှိရတဲ့ သေဆုံးမှုပုံစံတွေဟာ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး၊ ထောင်တွင်းဆေးဝါးမလုံလောက်မှူနဲ့ ကုသမှုနှောင့်နှေးမှုတွေကို အထင်အရှား သက်သေပြနေတယ်လို့ PPNMက ဆိုပါတယ်။
ယခုလို ကာကွယ်ကုသလို့ ရပါလျက်နဲ့ အချိန်မီဆေးကုသခွင့် တမင်ပိတ်ဆို့ကာ လူမဆန်စွာ သေဆုံးစေခဲ့တဲ့ ဖြစ်စဉ်တွေ အားလုံးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ အာဏာရှင်ဒေါက်တိုင်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတွေအားလုံးမှာ တိုက်ရိုက်တာဝန်ရှိပြီး ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် မလွဲမသွေ တာဝန်ခံရမှာဖြစ်ကြောင်း PPNMက သတိပေးပါတယ်။
PPNM အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်တဲ့အထိ၊ ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေ လုံးဝချုပ်ငြိမ်းတဲ့အထိ ပြည်သူလူထုနဲ့အတူ အစဉ်တစိုက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးပါတယ်။
ယခုထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ PPNM က အတည်ပြုနိုင်ခဲ့တဲ့ အချက်အလက် တွေသာဖြစ်ပြီး၊ စစ်အုပ်စုက ထောင်တွင်းသတင်းအမှောင်ချ ပိတ်ဆို့မှုတွေကြောင့် မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားနေတဲ့ သေဆုံးမှုအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း PPNM က ရှင်းလင်းထားပါတယ်။

















































