▪︎မြန်မာနိုင်ငံရှိ ဘက်အသီးသီးတွေ့ဆုံဆွေးနွေးရန် ထပ်မံတိုက်တွန်း
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း(ရှမ်းပြည်နယ်မြောက်ပိုင်း)ဖြစ်ထွန်းမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် တွေ့ဆုံဆွေးနွေးရန်တိုက်တွန်းထားပြီးဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးပြောခွင့်ရ Lin Jian က ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ယမန်နေ့(ဒီဇင်ဘာ ၄ရက်)တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် ဖြစ်နိုင်သမျှအမြန်ဆုံး တိုက်ပွဲရပ်တန့်ရန်၊ မတူကွဲပြားမှုများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် တည်ဆောက်ရန်နှင့် ပဋိပက္ခကျယ်ပြန့်မှုကို ရှောင်ရှားရန် အချက်များကို တိုက်တွန်းထားပြီးဖြစ်ကြောင်း ပြောသည်။
ဒီဇင်ဘာ ၃ရက်ညတွင် တရုတ်-မြန်မာနယ်စပ်တွင် အခြေစိုက်သောကိုးကန့်တပ်မတော်(MNDAA)က တဖက်သတ်အပစ်ရပ်ကြောင်း ကြေညာမှုအပေါ် အထက်ပါတရုတ်နိုင်ငံခြားရေးပြောခွင့်ရက အကောင်းမြင်ကြိုဆိုခဲ့ပြီး ဘက်အသီးသီးက တည်ငြိမ်ရေးကို ဦးစားပေးရန်လိုအပ်ကြောင်း အလေးပေးပြောသည်။
“အဓိကအားဖြင့် သူတို့အနေနဲ့(MNDAA)တရုတ်နယ်စပ်ဒေသ လုံခြုံရေးကို အနှောင့်အယှက်မဖြစ်သင့်ပါဘူး။ နောက်ပြီးနယ်စပ်မှာနေထိုင်တဲ့ တရုတ်လူမျိုးတွေနဲ့ တရုတ်စီမံကိန်းတွေ၊ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးတွေရဲ့ ဘေးကင်းလုံခြုံစေရပါမယ်”ဟု မစ္စတာ Lin Jian ကဆိုသည်။
MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ကို သြဂုတ်လဆန်းတွင် သိမ်းပိုက်ပြီးနောက် တရုတ်က MNDAA၊ TNLA(တအာင်းတပ်မတော်)တို့ကို တိုက်ပွဲရပ်ရန် တရစပ်ဖိအားပေးခဲ့ပြီး MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကိုလည်း နေကျယ်အကျယ်ချုပ်ပုံစံ ဖမ်းဆီးထားကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဌာနကမူ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေခြင်းသာဖြစ်ပြီး ပြန်လည်သက်သာလာနေပြီဟု ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ရက်တွင် ပြောဆိုခဲ့သည်။ သို့သော် သီတင်းနှစ်ပတ်ကျော်ကြာချိန်အထိ ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင် မြန်မာနိုင်ငံဘက် ပြန်လည်ရောက်ရှိသည်ဟု မကြားသိရသေးပေ။
တရုတ်အစိုးရ၏ ဖိအားပေးမှုများကြုံနေရသည့် TNLA နှင့် MNDAA တို့သည် တရုတ်၏ ကြားဝင်မှုဖြင့် ဆွေးနွေးရန်အသင့်ရှိကြောင်း၊ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း နိုဝင်ဘာ ၂၅ရက်နှင့် ဒီဇင်ဘာ ၃ရက်တို့တွင် အသီးသီးထုတ်ပြန်ကြေညာခဲ့ကြသည်။
MNDAAသည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း၊ စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ဖော်ပြပြီး နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမည်ဟု ဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း MNDAAက ကြေညာသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကမူ ၎င်းတို့အစိုးရအနေဖြင့် တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုဝင်ဘာ ၂၆ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
NUG သည် ထုတ်ပြန်ထားသော တရုတ်နိုင်ငံဆိုင်ရာ မူဝါဒ၊ စစ်ရေးဆိုင်ရာစစ်သည်တော်ကျင့်ဝတ်၊ ပြဌာန်းထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ဦးကျော်ဇော်က ပြောထားသည်။
ထို့အပြင် မြန်မာပြည်သူလူထုနှင့် တသားတည်းရပ်တည်နေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲလုပ်ဆောင်ခြင်းကသာ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံထားသော အကျိုးစီးပွားများနှင့် လုပ်ငန်းလည်ပတ်မှုများကို ထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း NUG သမ္မတရုံး ပြောခွင့်ရက ဆက်ပြောသည်။