ပြည်သူတစ်ဦး သေဆုံးပြီး လေးဦးထက်မနည်းဒဏ်ရာရ
ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ သုံးရွာအား မီးရှို့ဖျက်ဆီးရာ နေအိမ် ၆၀နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁ ရက်တွင် အင်အား၈၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကမ္ဘဲ့ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီဘက်က ထိခိုက်မှုရှိပြီး ရေစကြိုမြို့ပေါ်မှ စစ်တပ်က လက်နက်ကြီးပစ်ကူပေးခဲ့ရာ တောရွာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး (၇)နှစ်ခန့်အရွယ်ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကလေးက တင်ပါးဆုံဒဏ်ရာရတယ်။ အမျိုးသမီးက ဦးခေါင်းနဲ့ ခြေထောက်ဒဏ်ရာရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းမှာ ကမ္ဘဲ့ကျေးရွာအား ဝင်ရောက်မွှေနှောက်ကာ ပြည်သူများ၏ ရွှေများ၊ ဖုန်းများခိုးယူပြီး နေအိမ် ၃၃လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ဒီဇင်ဘာ ၄ရက်ကလည်း ခလရ(၂၅၈)တပ်ရင်းမှ စစ်ကြောင်းသည် ရွာသစ်ကျေးရွာရောက်ရှိပြီး နံက် ၉နာရီခန့်တွင် တစ်ကြိမ်၊ နေ့လယ်နာရီခန့်တွင် တစ်ကြမ်၊ နှစ် ကြိမ်တိုင် ရေစကြိုပကဖနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေစကြိုပကဖက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ဦးခန့် ဒဏ်ရာရရှိကြောင်း ရေစကြိုပကဖကဆိုသည်။
“ခလရ ၂၅၆တို့ ၂၅၇တို့ ၂၅၈ တို့ထဲကနေ ထွက်လာတာ။ သူတို့စစ်ကြောင်းထိုးလာလို့ ရွာတွေထဲဝင်မယ့်အချိန် ထိတွေ့မှုဖြစ်တာ။”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ပွဲဖြစ်နေချိန် မြို့ပေါ်မှ လက်နက်ကြီးပစ်ကူပေးမှုကြောင့် (၂၂)နှစ်အရွယ်အမျိုးသားတစ်ဦးမှာ လက်နက်ကြီးထိမှန်ဒဏ်ရာကြောင့် ဆေးကုသမှုခံနေစဉ်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ဒီဇင်ဘာ ၅ ရက်တွင်လည်း အဆိုပါစစ်ကြောင်းမှာ ထန်းဆယ်ပင်ကျေးရွာရှိ နေအိမ် ၁၄လုံးခန့်နှင့် ကံသစ်ကျေးရွာမှ နေအိမ် ၁၀လုံးခန့်အား ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေကျောင်းရွာမှ (၁၅)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် (၄၀)ကျော်အရွယ်ခန့် အမျိုးသားတစ်ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ယခုအခါ စစ်ကောင်စီစစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအနီးသို့ ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါစစ်ကြောင်း၏ ပစ်ခတ်မှုများကြောင့် ကျေးရွာ ခုနစ်ရွာခန့်မှ ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း၂၀၂၁ မေလ ၁ရက်မှ ၂၀၂၄ သြဂုတ် ၃၁ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁၀၁,၄၇၄လုံး ပျက်စီးခဲ့ကြောင်း Data for Myanmarက ထုတ်ပြန်ထားသည်။