သတိုး/People’s Spring
ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှုအတွင်း Y12လေယာဉ် နှစ်စီး၊ အဆောက်အဦးနှစ်လုံးနှင့် လေတပ်အရာရှိအပါအဝင် ၉ဦးသေဆုံးကြောင်း တပ်တွင်းဖရဲသီးထံမှ သတင်းရရှိသည်ဟု Urban Special Operation U.S.Oမှ ဝာာဝန်ရှိသူက ပြောသည်။
မှော်ဘီလေတပ်စခန်းကို ဒီဇင်ဘာ ၆ ရက် ည ၁၀ခန့်က တာဝေးပစ်မစ်ဇိုင်းငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး U.S.O နှင့်အတူ Brave Warriors for Myanmar (BWM) ၊ Shadow SAF အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက မှော်ဘီမြို့၌ လုံခြုံရေးတိုးမြှင့်ထားပြီး အရပ်ဝတ်များဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခြင်း၊ ဧည့်စာရင်းစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ပြည်သူများအပါအဝင် တော်လှန်ရေးရဲဘော်များ သတိထားလှုပ်ရှားကြရန် U.S.Oက သတိပေးထားသည်။
“U.S.O စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်သော မဟာမိတ်အဖွဲ့များအား နာမည်နဲ့တကွ ထည့်သွင်းထုတ်ပြန်ပါသည်။ လုံခြုံရေးအရ ထည့်သွင်းရန် အဆင်မပြေသော အဖွဲ့စည်းများအား စစ်ဆင်ရေး ဂုဏ်ပြုလွှာပေးအပ်ပါသည်။ ယခု ကြားသိရသော သတင်းများအရ ဘယ်သူဘယ်ဝါ လုပ်သလိုလို ၊ ပါဝင်ပက်သက်သလိုလို နဲ့ ပြည်သူများအမြင်ဝေဝါးစေနိုင်သော တင်ပြမှုများရှိနေပါသောကြောင့် သတိထားကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ အကြောင်းကိစ္စတိုင်းအား U.S.O Admin Teamထံတွင် အတည်ပြုစုံစမ်းရန် တိုက်တွန်းအပ်ပါသည်။” ဟု စစ်ဆင်ရေးများနှင့်ပတ်သက်၍လည်း U.S.Oက အသိပေးထားသည်။
ထို့အပြင် တော်လှန်ရေးအရှိန်မြှင့်တင်၍လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်အားဖြည့်ပေးရန် U.S.Oက တိုက်တွန်းထားသည်။