Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီလေတပ်စခန်းအား တာဝေးပစ်မစ်ဇိုင်းဒုံးများဖြင့်တိုက်ခိုက်ခဲ့ဟု ပြောက်ကျားတပ်များ ပြော

မှော်ဘီလေတပ်စခန်းသို့ စစ်ခေါင်းဆောင်လာရောက်မည်ဟု သတင်းကြားသောကြောင့် ပြည်သူများအနေဖြင့် သတိထားကြရန် ယင်းအဖွဲ့က သတိပေးသည်။

(စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခုနှင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - BWM၊ CJ)
(စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခုနှင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - BWM၊ CJ)

▪️လေတပ်စခန်းနှင့် အရာရှိများ ထိခိုက်ပျက်စီးမှုရှိဟု BWM ဆို

ရဲခေါင်၊သတိုး/People’s Spring

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ​၏ လေတပ်စခန်းကို တာဝေးပစ်မစ်ဇိုင်းဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြို့ပြအထူးစစ်ဆင်ရေး (U.S.O)နှင့် Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)ည ၁၀နာရီခန့်က တိုက်ခိုက်မှုသည် စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသားဒေသများ လေကြောင်းဖြင့် ပစ်သတ်တိုက်ခိုက်မှုအတွက် တုံ့ပြန် တိုက်ခိုက်ခြင်းဟု ဆို သည်။

တိုက်ခိုက်မှုကြောင့် Y8နှင့် Y12 လေယာဉ်ပျက်စီးပြီး လေတပ်အရာရှိများအပါအဝင် ၁၅ဦးသေဆုံးကာ ၇ဦးဒဏ်ရာရရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခုနှင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - BWM၊ CJ)
(စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခုနှင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – BWM၊ CJ)

“စစ်ကောင်စီမှော်ဘီလေတပ်ထဲမှ Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက် ရေး စစ်လေယာဥ်တစ်စင်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဂိုဒေါင်၊ ပြေးလမ်းနှင့် စီမံခန့်ခွဲသော ရုံးတို့လည်းမီးလောင်ပျက်စီးသွားကြောင်း၊ လေတပ်အရာရှိ ၃ဦးနှင့် စစ်သည် ၁၂ဦး‌သေပြီး လေတပ်စီမံခန့်ခွဲရေးလေအုပ်မှူးကြီးအပါအဝင် အရာရှိ ၂ဦး နှင့် အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရပါသည်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဘက်မှ ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“ညက တစ်လုံးပြီး တစ်လုံးဆက်တိုက် တစ်အုန်းအုန်း ဖြစ်သွားတာ။ဒီမနက်တော့ ရေသိုးရွာ လေတပ်စခန်းနားတွေ ဒုံးလေးလုံးထိတယ် ကြားတယ်”ဟု မှော်ဘီမြို့နယ်နေသူတစ်ဦးက လူထုနွေဦးက ပြောသည်။

(စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခုနှင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - BWM၊ CJ)
(စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခုနှင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – BWM၊ CJ)

အဆိုပါစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) ၏ (၂၅)ကြိမ်မြောက်တိုက်ခိုက်မှုအဖြစ် Shadow SAF အဖွဲ့ ၊ Urban Special Operation -U.S.O တို့နှင့် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကြောင့် မှော်ဘီမြို့နယ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူအချို့ရှိသည်ဟု ဆိုသော်လည်း လူထုနွေဦးအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“စကစဘက်ကတော့ ပန်းတစ်ပွင့်တောင်ဘက်မှာတစ်ညလုံးဖမ်းဆီးစစ်ဆေးမှုတွေညလုပ်နေတယ်လို့တော့သိရတယ်။ ရဲဘော်တွေအားလုံးအန္တရာယ် ကင်းပါတယ်”ဟု BWMတာဝန်ရှိသူက ပြောသည်။

မှော်ဘီလေတပ်သည် ကရင်နီ၊ ကရင်၊ မွန် နှင့် တနင်္သာရီ ကမ်းရိုးတန်းကို အဓိက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်လေတပ်စခန်း ဌာနချုပ် ဖြစ်သလို နိုင်ငံတကာမှ စစ်နှင့်အရေးကြီးပစ္စည်းများကို လက်ခံဖြန့်ဖြူးသောညအဓိကကျသည့် လေတပ် စခန်းလည်းဖြစ်ပြီး တရုတ်နိုင်ငံမှလာသောစစ်လက်နက်ပစ္စည်းထားရာ အထိုင်စခန်းလည်း ဖြစ်သောကြောင့် BWM အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီ က လေကြောင်းဆက်လက်တိုက်ခိုက်မှု ရှိနေတဲ့အတွက် ဒုတိအကြိမ် ထပ်မံ တိုက်ခိုက်ခြင်းပါ ။ဒီတစ်ခေါက်က မဟာမိတ်တွေနဲ့ ပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု မှော်ဘီလေတပ်ကို ပြီးခဲ့သည့်လအတွင်းက တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် Urban Special Operation -U.S.O မှတာဝန်ရှိသူက ပြောသည်။

မှော်ဘီလေတပ်စခန်းသို့ စစ်ခေါင်းဆောင်လာရောက်မည်ဟု သတင်းကြားသောကြောင့် ပြည်သူများအနေဖြင့် သတိထားကြရန် ယင်းအဖွဲ့က သတိပေးသည်။

စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေနှင့် အထူးသဖြင့် ကရင်ပြည်နယ်တိုက်ပွဲများ၌ လေကြောင်းပစ်ကူအများဆုံးပေးသည့် မှော်ဘီလေတပ်စခန်းကို နိုဝင်ဘာ ၉ ရက်ကလည်း USOက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ရက်ကလည်း မှော်ဘီလေတပ်စခန်းအား ပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခဲ့သေးသည်။

ထို့အပြင် မှော်ဘီလေတပ်စခန်းအား ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်ကလည်း Civilian Military (Sagaing Region Defense Force – SRDF) အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခုနှင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – BWM၊ CJ)

မှတ်ချက် – သတင်းအား ပြင်ဆင်ဖြည့်စွပ်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ဇန်နဝါရီ ၂ ရက် ညပိုင်းကလည်း ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ၏ ထွေအုပ်ရုံးကို ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။