Connect with us

Hi, what are you looking for?

သတင်း

လှိုင်းဘွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေဟု KNU ထုတ်ပြန်

ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - စကစ)
(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - စကစ)

ထားမြတ်/People’s Spring

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို နယ်မြေခံ စစ်ကောင်စီတပ်မှူးက ခေါ်ယူပြီး စစ်မှုထမ်းရန် တပ်သားသစ်များအား ဒီဇင်ဘာ ၁၂ရက် နောက်ဆုံးထား စုဆောင်းပို့ဆောင်ပေးရန်ပြောဆိုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်သည်။

စစ်ကောင်စီက လှိုင်းဘွဲဗျူဟာရုံး၌ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလို စသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၀ရက်တွင် စစ်မှုထမ်းအကြောင်းအရာ ဆိုင်ရာနောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူပြီး အပါတ်စဉ် (၇)တွင် ပို့ဆောင်ခြင်းမရှိသေးသော ကျေးနယ်များအနေဖြင့် ယခု အပါတ်စဉ် (၈)တွင် တစ်အုပ်စု တစ်ဦးနှုန်း မဖြစ်မနေပေးရမည်ဟု ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အပါတ်စဉ် (၈)အတွက် စစ်မှုထမ်းတပ်သားအသစ်များကို ဗျူဟာရုံးသို့ အရောက်လာပို့ပေးရန် ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်မှ အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ပြောဆိုသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမပြုပါက မြို့အဝင်၊ အထွက်ဂိတ်များမှနေ၍ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမည် ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း ဖော်ပြသည်။

ထိုကဲ့သို့ အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေမှုကြောင့် ဒေသနေပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း လူငယ်အများစု အပါအဝင် ပြည်သူများကို ဖမ်းဆီးပြီး ငွေဖြင့် အရွေးခိုင်းခြင်း၊ တပ်သားသစ်အဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ရက္ခိုင်၊ ကချင်အပါအဝင် နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် စစ်အင်အားပြုန်းတီးမှုများ ကြုံနေရသည့် အခြေအနေ ၊ စစ်ရှုံးနေသည့် အခြေအနေတွင် ပြည်သူလူထုများကို အဓမ္မ စစ်သားစုဆောင်းနေခြင်းဖြစ်သည်

အလားတူ ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်းအတွင်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ ညောင်လေးပင် မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ ဂိတ်စခန်းများနှင့် ကာကင်းစခန်းများကို ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းပြန်ကြားရေးဌာနတို့က ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) အသိပေးထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေငခံပြည်သူ ၃ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။