Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့၌ စစ်မှုထမ်းလူအစားထိုးရန် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် ပေါ်ပေါက်

ရန်ကုန်မြို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူအစားထိုးအသုံးပြုရန်အတွက် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် အကြီးအကျယ်ဖြစ်ပေါ်နေသည်။

ရန်ကုန်မြို့၌ စစ်မှုထမ်းလူအစားထိုးရန် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် ပေါ်ပေါက်
ရန်ကုန်မြို့၌ စစ်မှုထမ်းလူအစားထိုးရန် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် ပေါ်ပေါက်

ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ စစ်သား၊ ရဲနှင့် ပျူစောထီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့က ရန်ကုန်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများထံ ရောင်းစားနေသည့် လူမှောင်ခိုဂိုဏ်းစျေးကွက်ဟု အဆိုပါဖြစ်ရပ်များသိရှိသော ရပ်ကျေးအဖွဲ့ဝင်များနှင့် ရောင်းစားခံရသည့် မိသားစုဝင်အချို့က ပြောသည်။ အဆိုပါမြို့နယ်ထွေအုပ်ရုံးများသည် စစ်မှုထမ်းဥပဒေဖြင့် လူရွေးချယ်ရေးလုပ်ဆောင်သည့် အဓိကဌာနဖြစ်သည်။

“လူစားထိုးလိုတဲ့ ထွေအုပ်ရုံးက စာရေးတွေနဲ့ ချိတ်ပြီးရောင်းစားတဲ့စျေးကွက်ဖြစ်နေတာ”ဟု တောင်ဒဂုံမြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

နိုဝင်ဘာနောက်ဆုံးပတ်နှင့် ဒီဇင်ဘာပထမပတ်အထိ ရန်ကုန်မြို့ရှိ အင်းစိန်၊လှိုင်သာယာ၊အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များတွင် လူထုနွေဦးက စုံစမ်းသိရှိရသော ဖြစ်စဥ် ငါးခုထက်မနည်းရှိခဲ့သည်။

Public Service Announcement

Public Service Announcement

လူထုနွေဦးက စုံစမ်းသိရသော ဖြစ်စဥ်များနှင့် ရောင်းစားခံရသော လူငယ်မိသားစုဝင်များ၏ ပြောဆိုချက်များအရ ညပိုင်းအချိန် လူပြတ်သည့်နေရာများ သို့မဟုတ် တစ်ဦး၊နှစ်ဦးသွားလာသည့် လူငယ်များအား ပစ်မှတ်ထားကာ မြို့နယ်အလိုက် စစ်ကောင်စီ လက်ပါးစေများက ဖမ်းဆီး ရောင်းစားခြင်းဖြစ်သည်။

“စစ်မှုထမ်းဥပဒေဆိုတာနဲ့ကိုင် ပေါက်တော့ ဘယ်သူမှဝင်မရှုပ်ရဲဘူး။ရပ်ကွက်တွေထဲ လူငယ်တွေ ပျောက်တယ်ဆိုတာ အဲဒီလို လုပ်စားနေကြတာ။သူတို့က တစ်ဖွဲ့ထဲ မဟုတ်ဘူး။မှော်ဘီ က လူလိုရင် မှော်ဘီပို့တယ်။ပဲခူးဘက်က လူလို့ရင်လည်း ပို့တယ်။ချိတ်အလိုက် ဂိုဏ်းအလိုက်ပဲ ။တရားဝင် လိုလုပ်နေကြတာ။တစ်ပတ်ကို လေးငါးယောက်လောက်ရှာပို့နေတာ။ဒါ ကျွန်တော် သိတဲ့ အရေ အတွက် ပဲရှိသေးတယ်”ဟု တောင်ဒဂုံမြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းဥပဒေအတွက် ရပ်ကွက်ရုံးများက အပတ်စဥ်တစ်ခုလျှင် တစ်အိမ်ထောင် ကျပ်နှစ်ထောင်မှ ငါးထောင်အထိ ကောက်ယူမှုရှိနေသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများအကြောင်းပြချက်မှာ အပတ်စဥ်တစ်ခုလျှင် ပေးပို့ရသည့် လူဦးရေမပြည့်မီခြင်းကြောင့် အခြားရပ်ကွက်များမှ အစားထိုးခေါ်ယူရခြင်းကြောင့်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ရက်က အပတ်စဥ် (၇)အတွက် လူစာရင်း အသိပေးဖို့ ဓမ္မာရုံခေါ်တယ်။အဲဒီမှာ အသက် ၂၄ ကနေ ၃၅ အထိပဲ အဓိက ခေါ်တယ်ပေါ့။ဒါပေမယ့် အပတ်စဥ် (၆)အထိ ကောက်ခံရတဲ့ လူဦးရေ စာရင်းက မပြည့်မီခဲ့ဘူးတဲ့။ထွက်ပြေးတဲ့သူတွေရော၊ နိုင်ငံ ခြားထွက်သွားတဲ့သူတွေကြောင့်လို့ ပြောတယ်။အဲဒါကြောင့် တစ်အိမ်ထောင် ကျပ်နှစ်ထောင် ပေးရမယ်ဆိုပြီး အုပ်ကြီးက ခေါ်ပြောတယ်”ဟု အရှေ့ဒဂုံ ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သို့သော် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူခံရမှု မဲပေါက်၍ မလိုက်ချင်ပါက တစ်ဦးလျှင် ကျပ်သုံးသိန်း ပေးရသည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၀၄)ရပ်ကွက်နေ အသက် ၂၀အရွယ် မောင်အေးမင်းထိုက်သည် အဒေါ် ဖြစ်သူ နေအိမ်သို့ သွားရောက်စဥ် လမ်းမပေါ်၌ ပျူစောထီးများက ကားပေါ်တင်ဖမ်းဆီးသွားပြီး တောင်ဒဂုံမြို့နယ် (၅၄)ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခု၌ ချုပ်နှောင်ထားခဲ့သည်ဟု ဆိုသည်။

နောက်တစ်ရက် ဒီဇင်ဘာ ၈ရက်တွင် လှိုင်သာယာမြို့နယ် ဘီအိုစီဂိတ်မှတဆင့် တွံတေးမြို့နယ်ထွေအုပ်ရုံးသို့ ကျပ် ၁၄သိန်းဖြင့် ရောင်းစားခံခဲ့ရသည်ဟု လူထုနွေဦးက စုံစမ်းသိရှိသည်။

“ကလေးက ဖုန်းဆက်တယ်။အမေသားကို မှတ်ပုံတင်နဲ့လာခေါ်ပါ။စစ်မှုထမ်းထဲ ပါသွားပြီ။တွံတေးထွေအုပ်ကိုရောက်နေတယ်ဆိုပြီးပြောတော့ မိဘတွေက ၉ ရက်နေ့က ချက်ခြင်းလိုက်ခေါ်ခဲ့ရတယ်”ဟု အဆိုပါဖြစ်စဥ်ကို သိရှိသူက ပြောသည်။

မောင်အေးမင်းထိုက်ကို ဖမ်းဆီးသွားသူသည် တောင်ဒဂုံမြို့နယ်မှ ပျူစောထီး ရန်လင်းအောင်အပါအဝင် လေးဦး ဖြစ်ပြီး ၎င်းတို့အပြင် အခြားအဖွဲ့ဝင်များစွာရှိနေသည်ဟု စုံစမ်းသိရသည်။

အဆိုပါပျူစောထီးများက ၎င်းတို့သည့် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ကာ မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် ထောင်သို့ ပို့မည်ဆိုပါက နှစ် သုံးဆယ်ခန့် ကျနိုင်ကြောင်း၊စစ်တပ်ထဲ ဝင်မည်ဆိုပါက လစာရရှိမည့် အပြင် နှစ်နှစ်ခန့်သာနေရမည်ဟု မောင်အေးမင်းထိုက်ကို ခြိမ်းခြောက်ပြောဆိုသည်ဟု ဆိုသည်။

“ဒီဇင်ဘာ ၅ ရက်နေ့က ဖားရွှေကျော် လမ်းထိပ်မှာ ည ၇ နာရီလောက် အိမ်စီးကားနဲ့ ခေါ် ပြီး ဖမ်းသွားတာ။သူ့အပြင် နောက်ထပ်ခြောက် ယောက်လောက်ပါသေးတယ်။မိသားစုကို ည ၁၀ နာရီမှာ ဖုန်းဆက်တယ်။စစ် တပ်ထဲ မပါချင်ရင် ၁၅သိန်းနဲ့လာခေါ်ပါတဲ့ ။အဲဒီတော့ ရှိတာပေါင်။နောက်ပြီး သိတဲ့သူဆီက အတိုးယူပြီး မိသားစုက သွားထုတ်ခဲ့ရတယ်”ဟု အရှေ့ဒဂုံမြို့နယ် မှ ပြည်သူတစ်ဦးက ပြောသည်။

မောင်အေးမင်းထိုက်သည် ရောင်းစားခံရပြီးမှ မိသားစုထံအဆက်အသွယ်ရယူ၍ မိသားစုက ချက်ချင်းပြန်လည်ရွေးယူခဲ့သောကြောင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

နယ်မြို့များတွင်မူ ရပ်ကွက်နှင့် ကျေးရွာအလိုက် စစ်မှုထမ်းရန် ခွဲထမ်းကြ တောင်းခံသော်လည်း မြို့နယ်ထွေအုပ်ရုံးများက လူအစားထိုးဖြည့်ပေးသည့် ဖြစ်စဉ်များ ရှိသည်။ သို့သော် စစ်မှုထမ်းရန် လူထည့်ဝင်ခြင်းမရှိသည့် ရပ်ကွက်နှင့် ကျေးရွာများက သတ်မှတ်ထားသည့် ငွေကြေးကို ထွေအုပ်ရုံးထံ ပေးဆောင်ရသည်။

” ဒီရွာမှာ ဒီလအတွက် ၂ယောက်ပါတယ်ဆိုရင် လူပေးမှာလား၊ ငွေပေးမှာလားပေါ့။ ငွေပေးမယ်ဆိုလည်း ရတယ်။ လူကို သူတို့အစားထိုးရှာပေးတယ်။ တကယ်လို့ လိုက်ချင်တဲ့သူ ရှိနေရင်လည်း ရွာကစုထားတဲ့ ငွေကို လိုက်တဲ့သူကို ပေးရတယ်”ဟု ပဲခူးတိုင် အုတ်ဖိုြမို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် လူကိုဖမ်းဆီးပြီး ရောင်းစားမှုမဟုတ်သော်လည်း အချိန်မတော် လူငယ်များတွေ့ပါက ဖမ်းဆီးပြီး ငွေညှစ်တောင်းခံသည့်ဖြစ်စဉ်များမှာ ပိုမိုများပြားသည်ကို တွေ့ရပါသည်။ ထို့ကဲ့သို့ ဖြစ်စဉ်များမှာ ရန်ကုန်အပါအဝင် နယ်မြို့များတွင်လည်း ရှိနေသည်။

ရန်ကုန်မြို့ ပြည်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းမကြီးကြားရှိ ဂျပန်လမ်း၌ လူငယ်သုံးဦး ဖမ်းဆီးခံရပြီး တစ်ဦးလျှင် ကျပ် ၁၀သိန်းဖြင့် ရွှေးယူရန် ညှိနှိုင်းမှုရှိခဲ့ကြောင်း ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ဖြစ်တာ။ကော်လံ ရှပ်အဖြူနဲ့ ပုဆိုးဝတ်ထားတဲ့သူ လေယောက် လောက်က ပါးရိုက်ပြီး ကားပေါ်ခေါ်တင်သွားတာ။ည ၈နာရီလောက်ရှိ မယ်။လူငယ်တွေက အလုပ်က သူ့ဘာသာပြန်လာတာ။နောက်နှစ်ရက်နေတော့ လွတ်တယ်ကြားတယ်။ ဒါပေမယ့် တစ်ယောက် ၁၀သိန်းပေးခဲ့ရတယ်တဲ့”ဟု အင်းစိန်မြို့နေသူတစ်ဦးက ပြောသည်။

တောင်ဒဂုံမြို့နယ် (၁၁၈)ရပ်ကွက်တွင်လည်း ဆိုင်ကယ်တစ်စီးကို လူငယ်သုံးဦးက လိုက်ပါစီးနင်းသည်ဆို၍ ဖမ်းဆီးခံရပြီး ဆိုင်ကယ်ကို သိမ်းဆည်းကာ လူတစ်ဦးလျှင် ကျပ်ခုနှစ်သိန်းဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ရက်က ပြန်ရွေးခဲ့ရသည့် ဖြစ်စဥ်ရှိခဲ့သည်။

အဆိုပါဖြစ်စဥ်များအားလုံးတွင် ဖမ်းဆီးခဲ့သူများသည် အိမ်စီးကားအမျိုးအစားများ အသုံးပြုပြီး အရပ်ဝတ်များဖြင့် လုပ်ဆောင်နေခြင်းဟု သတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် ၎င်းတို့က သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခံရသူများကို ပို့ဆောင်ခဲ့ကြောင်း ဖြစ်စဥ်တွင် ပါရှိခဲ့သူများက အသိပေးသည်။

“နှစ်နာရီလောက် ပါးရိုက်လိုက်၊ကန်လိုက် ပြီးတော့ စစ်ထဲဝင်ရမယ်ပြောလိုက်နဲ့ ခြိမ်းခြောက်တယ်။ပြီးတော့မှ မိသားစု ဖုန်းနံပါတ်တောင်းပြီး ဆက်ခိုင်းတယ်။ဖမ်းခံထားရတယ်ပေါ့။ မနက်လာရွေး။မရွေးရင် ရှေ့တန်းပါပြီးဆိုပြီး လည်းပြောတယ်။မိသားစုက လာရွေးတဲ့သူလည်းရှိသလို မရွေးတဲ့သူလည်းရှိတယ်”ဟု ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

ထို့ကြောင့် လူငယ်များမှာ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်သူများနှင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ကြသူများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။