အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်က ချင်းတောင်ခြေသို့ ပစ်ခတ်နေသည့် လက်နက်ကြီးကျည်အချို့သည် မြို့ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား လေးဦး ဒဏ်ရာရရှိကာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်။
စစ်ကောင်စီသည် ဒီဇင်ဘာ ၁၂ရက်ကစ၍ ချင်းတောင်ခြေဘက်သို့ မစ်ဇိုင်းများ ပစ်ခတ်နေခြင်းဖြစ်သည်။
” တောင်ခြေကရွာတွေ ရှောင်ရပြန်ပြီ။ နောက်ပြီးလက်နက်ကြီးက မြို့ထဲကိုပါ ကျတယ်။ လက်နက်ကြီးကဆက်ပစ်နေတုန်းပဲ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁၂ရက် တစ်ရက်တည်း မစ်ဇိုင်းရှစ်လုံး ပစ်ခတ်ခဲ့ပြီး တစ်လုံးမှာ မြို့ပေါ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။
ကလေးမြို့ အမြောက်တပ်က ပစ်ခတ်သောမစ်ဇိုင်းများသည် ချင်းတောင်ပေါ်သို့ ပစ်ခတ်နေခြင်းဖြစ်ပြီး မစ်ဇိုင်းဖြတ်သန်းသွားရာ လမ်းကြောင်းအောက်ရှ်ိ မြို့တွင်းရပ်ကွက်များ၊ မြို့ပြင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးထားသည်။
စစ်ကောင်စီသည် ကလေးမြို့ပေါ်တွင် လုံခြုံရေးတင်းကြပ်ထားပြီး လူငယ်များအားအတင်းအကြပ်ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေသည်။