ရောင်နီ/People’s Spring
ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားမှုကို ၂၀၂၅ ဇန်နဝါရီ ၁ရက်ကစ၍ Electronic Visa(e-Visa)စနစ်ဖြင့် အွန်လိုင်းမှလျှောက်ထားရမည်ဟု ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက အသိပေးကြေညာသည်။
“မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင်လက်ရှိနေထိုင်လျက်ရှိသော အခြားနိုင်ငံသားများအတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာလျှောက်ရာတွင် e-Visa စနစ်အသစ်ဖြင့် ဗီဇာအမျိုးအစားအားလုံးအတွက် ဖော်ပြပါလင့် https://www.thaievisa.go.th/ တွင်သာလျှောက်ထားနိုင်တော့မည်”ဟု ထိုင်းသံရုံးက ထုတ်ပြန်သည်။
ဗီဇာလျှောက်ထားပြီးပါက ချိန်းဆိုထားသည့်ရက်တွင် ထိုင်းသံရုံးဗီဇာကောင်တာ၌ ဗီဇာကြေးပေးသွင်းရမည်ဖြစ်ပြီး ဗီဇာလျှောက်လွှာများစိစစ်အကဲဖြတ်ရန် ၁၀ ရက်မှ ၁၅ရက်အထိကြာမည်ဟု အသိပေးထားသည်။
ဗီဇာငွေပေးချေရန်နှင့် အွန်လိုင်းBooking တင်သည့် စနစ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာမည်ဟုဆိုသည်။
ယင်းစနစ်အပြောင်းအလဲပြုလုပ်မည်ဖြစ်သော ကြောင့် သံရုံး၌ ဗီဇာရက်ချိန်း ရယူခြင်းကို ဒီဇင်ဘာ ၂၄ ရက်အထိသာ လက်ခံပေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၅ မှ ၃၁ ရက်အထိ ဗီဇာလျှောက်လွှာများလက်ခံမည်မဟုတ်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
“ဗီဇာလျှောက်ထားသူများသည် စာရွက်စာတမ်းများ အပြည့်အစုံမတင်သွင်းခြင်း (သို့) စာရွက်စာတမ်းအတုများ တင်သွင်းခြင်းများ ပြုလုပ်ပါက ထိုဗီဇာလျှောက်လွှာအား ပယ်ချမည်ဖြစ်သည်”ဟု ထိုင်းသံရုံးက သတိပေးထားသည်။
ထိုင်သံရုံးသို့ အွန်လိုင်းဗီဇာလျှောက်ထားရာတွင် ပတ်စပို့နံပတ်အမျိုးမျိုးသုံး၍ ဘိုကင်နေရာအများအပြားရယူသည့်ဖြစ်စဉ်များရှိနေကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတည်ပြုကြောင်း ကြေညာပြီးနောက် ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသူများပြားလာ၍ တစ်ရက်လျှင် လူ ၄၀၀ သတ်မှတ်ကာ ဗီဇာထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
လူဦးရေသတ်မှတ်ချက်ထုတ်ပြန်ပြီးနောက် ထိုင်းသံရုံးတွင် ဗီဇာလျှောက်ရန် ငွေကြေးပေးဆောင်၍ နေရာဦးပေးသည့် ဝန်ဆောင်မှုများဖြစ်ပေါ်လျက်ရှိသည်။