Connect with us

Hi, what are you looking for?

သတင်း

KNUဌာနချုပ်ဟောင်း မာနယ်ပလောဒေသ လက်ကျန်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီ အရာရှိ အပါအဝင် ၅ဦး ဖမ်းမိ

မာနယ်ပလောကို သိမ်းပိုက်နိုင်ရေး မြန်မာစစ်တပ်က ထိုးစစ်ဆင်ခဲ့သည့် ၁၉၉၁ ကာလတွင် စစ်ကောင်စီတပ် များစွာ အထိနာခဲ့ရဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောနေတာနီးက ပြောသည်။

(KNLA နှင့် ပူး​ပေါင်းတပ်ကဖမ်းဆီးရရှိသည့် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း နှင့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNLA ၊ CJ)
(KNLA နှင့် ပူး​ပေါင်းတပ်ကဖမ်းဆီးရရှိသည့် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း နှင့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNLA ၊ CJ)

■နှစ် ၃၀အကြာတွင် ပြန်သိမ်းရသည့် မာနယ်ပလောစခန်းသည် တော်လှန်ရေးတပ်ပေါင်းစုများ၏ ဌာနချုပ် အခြေစိုက်ရာ သမိုင်းဝင်ဒေသဖြစ်ပြီး ပိုင်ရှင်အစစ်ထံပြန်​ရောက်ခြင်းဖြစ်ဟုKNU ပြော

■၁၂၀ မမ ၂ လက်အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်က ဌာနချုပ်ဟောင်းနေရာဖြစ်သော မာနယ်ပလောဒေသတစ်ခုလုံးကို ဒီဇင်ဘာ ၁၆ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ရာ နောက်ဆုံးလက်ကျန် စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးဟု ယူဆရသည့် အရာရှိ အပါအဝင် ၅ဦးကို ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

မာနယ်ပလောဒေသ နောက်ဆုံးလက်ကျန် စခန်း နို့ဒေးခေါ် ပွိုင့် – ၉၁၃ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ ဝင်အလောင်းများ၊ လက်နက်ကြီး လက်နက်ငယ်နှင့်ခဲယမ်းများ သိမ်းရခဲ့ပြီး ထွက်ပြေးသူများအနက် တပ်ရင်းမှူး အပါအဝင် ၅ဦးကို ဒီဇင်ဘာ ၁၇ရက်တွင် ဖမ်းမိခဲ့သည်ဟုဆိုသည်။

“မာနယ်ပလောမှာ သူတို့ ထိုင်ထားတဲ့နေရာ ၄၊ ၅ခုရှိတယ်။ နောက်ဆုံး KNUက ပြန်တိုက်တော့ သူတို့ အကုန်လုံး ပြန်စုလိုက်တာ အဲဒီနေရာမှာပဲ ပြန်စုလိုက်တာ နောက်ဆုံးစခန်းပဲ ။ အဲဒီ နို့ဒေးဆိုတဲ့စခန်းပေါ့ ဒါပေမဲ့ နို့ဒေးဆို သူများသိချင်မှ သိမယ် ၉၁၃ အမြောက်စခန်းလို့ ပြောလိုက်တာ အသေချာဆုံးပဲ။ မိတာ အားလုံး ၅ယောက်။ သေတာက အလောင်း ၁၀လောင်းလောက်ရတယ်။ တချို့လည်း ထွက်ပြေးသွားတာ အများကြီးပဲလေ လွတ်ရာကျွတ်ရာပေါ့။” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KNU ဌာနချုပ် မာနယ်ပလောကို ၁၉၇၇ တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၉၅ဇန်နဝါရီတွင် စစ်တပ်နှင့် KNUမှ ခွဲထွက်သွားသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)တို့ ပူးပေါင်း ထိုးစစ်ဆင်လာ၍ ဌာနချုပ်စခန်းကျဆုံးခဲ့ရခြင်းဖြစ်သည်။

“DKBAနဲ့ မြန်မာစစ်တပ် ပြန်ပူးပေါင်းပြီးတိုက်တော့ ကျသွားတာပေါ့။ အခုဆို နှစ်ပေါင်း ၃၀ရှိပြီပေါ့ အဲဒီစခန်းက။ အဲဒီ မာနယ်ပလောက အရင်ကတော့ တပ်ပေါင်းစုတွေ နေခဲ့တာပေါ့ လွတ်မြောက်နယ်မြေဆိုပြီးတော့။ နိုင်ငံရေး အဖွဲ့အစည်းတွေ အဝေးရောက်အစိုးရတို့ ရုံးစိုက်ရာနေရာပေါ့။ “ ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မာနယ်ပလောကို သိမ်းပိုက်နိုင်ရေး မြန်မာစစ်တပ်က ထိုးစစ်ဆင်ခဲ့သည့် ၁၉၉၁ ကာလတွင် စစ်ကောင်စီတပ် များစွာ အထိနာခဲ့ရဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောနေတာနီးက ပြောသည်။

“မာနယ်ပလောကို တိုက်ယူ သိမ်းယူနိုင်ဖို့အတွက်ဆိုရင် အဓိက ကာကင်းကြီးဖြစ်တဲ့ ခွေးအိပ်တောင်ဆိုတာ တကယ့်နာမည်ကြီးပဲ အဲဒီ ခွေးအိပ်တောင် က ဒီဗမာစစ်တပ်ဘက်က ပြန်ရဖို့အတွက်ဆို အသက်ပေါင်းများစွာ အကုန်ခံပြီး တိုက်ယူရတာပေါ့။ကျနော်တို့ သိရသလောက်ဆို တပ်ရင်းကြီး ၈ရင်းလောက် အကုန်ခံပြီးမှပဲ ဒီ ခွေးအိပ်တောင် မာနယ်ပလောရဲ့ ကာကင်းကြီးကို ရသွားတာပါ။ အဲဒီတုန်းက ဗိုလ်ချုပ်မောင်လှခေတ်ပေါ့” ဟု ပဒိုစောတောနီးက ပြောသည်။

ထိုစဉ်က တပ်ရင်းများဆိုသည်မှာ ယခု စစ်ကောင်စီ လက်ထက် အင်အား ၁၀၀ ကျော်သာ ရှိသည့် တပ်ရင်းမျိုး မဟုတ်ဘဲလူအင်အား ဖွဲ့စည်းပုံအပြည့်ရှိသည့် တပ်ရင်းများဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။

(KNLA နှင့် ပူး​ပေါင်းတပ်ကဖမ်းဆီးရရှိသည့် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း နှင့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNLA ၊ CJ)
(KNLA နှင့် ပူး​ပေါင်းတပ်ကဖမ်းဆီးရရှိသည့် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း နှင့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNLA ၊ CJ)

ကာကင်းစခန်း မကျရေး စစ်တပ်ဘက်က အင်အားထောင်ချီပြုန်းတီးအောင် ခုခံတိုက်ခိုက်နိုင်သောလည်း မာနယ်ဌာနချုပ်ကိုမူ အလွယ်တကူပင် လက်လွတ်ခဲ့ရကြောင်း၊ ယင်းမှာ ၁၉၉၄ ဒီဇင်ဘာတွင် အဖွဲ့အတွင်း ပြဿနာ(KNU မှ ခွဲထွက်ပြီး DKBA ဖွဲ့စည်းမှု)ဖြစ်ပေါ်ခဲ့၍ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒါပေမဲ့လို့ မာနယ်ပလော ကြီး တကယ်တန်းကျသွားတဲ့အခါကျတော့လည်း ကျနော်တို့ဘက်က ပြောရမယ်ဆိုရင် ကိုယ့်အချင်းချင်း ဖြစ်တဲ့ပြဿနာပေါ့ နော်။ နှစ်ကို ပြန်ကြည့်လိုက်မယ်ဆို နှစ်ပေါင်း ၃၀ တိတိကို ဖြစ်သွားတာ။ ပြီးခဲ့တဲ့ ၁၉၉၄ ဒီဇင်ဘာမှာ ပြဿနာ စတက်ပြီးတော့ မကြာခင်မှာပဲ ၁၉၉၅ ဇန်နဝါရီ ၂၇ရက်မှာ မာနယ်ပလောက လုံး၀သေနတ်မဖောက်ရဘဲနဲ့ ကျနော်တို့ ဆုတ်ခွာလာရတဲ့ အနေအထားတစ်ခုဖြစ်သွားတယ်။ အဲဒါကိုတော့ ကျနော်တို့အတွက် အများကြီး သင်ခန်းစာရသွားပြီ” ဟု ပဒိုစောတောနီးက ပြောသည်။

ထို့ကြောင့် လက်ရှိတွင် အချင်းချင်း မသင့်မြတ်မှုများ ရှိပါက အလုပ်လုပ်ရ ခက်သည့် အခြေအနေကို သင်ခန်းစာ ယူရာ အချင်းချင်း ပဋိပက္ခ ဖြစ်နေမည့်အစား ရှောင်လွှဲကာ တဆင့်ခြင်းသွားနေသည့် အခြေအနေဟု ရှင်းပြသည်။

မာနယ်ပလောဒေသသည် တချိန်က KNUနှင့် မဟာမိတ်များ လက်တွဲပြီး စစ်အာဏာရှင် ပြုတ်ကျရေး နည်းမျိုးစုံ ကြိုးစားခဲ့သည့် သမိုင်းဝင်နေရာဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကာလ၌ လူငယ်ထောင်သောင်းချီ ရောက်ရှိလာသည့် နယ်မြေဖြစ်သည်။

“အဲဒီမှာ ABSDFတို့ လူ့ဘောင်သစ်တို့၊ NLD LAတို့ ၊ NCGUB အမျိုးသားညွှန့်ပေါင်း အစိုးရတို့၊ အမျိုးသား ကောင်စီတို့ ဒီဟာတွေ ဖွဲ့စည်းပြီး လုပ်ဆောင်လာခဲ့တဲ့ဟာတွေက သမိုင်းအဖြစ် ကျန်ခဲ့ရစ်ခဲ့ပြီး ရှေ့ဆက်ရမယ့် ခရီးအတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကိုတော့ကျနော်တို့ အများကြီး သင်ခန်းစာ ရခဲ့ပါတယ်။

(KNLA နှင့် ပူး​ပေါင်းတပ်ကဖမ်းဆီးရရှိသည့် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း နှင့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNLA ၊ CJ)
(KNLA နှင့် ပူး​ပေါင်းတပ်ကဖမ်းဆီးရရှိသည့် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း နှင့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNLA ၊ CJ)

အခြားတဖက်မှာလည်း လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း မအထူးသဖြင့် NDF အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု DABတို့ အဲဒါတွေကလည်း ကျနော်တို့ KNU ဌာနချုပ်ကြီးတင်မဟုတ်ဘူး အတိုက်အခံအားလုံး အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံရဲ့ ဌာနချုပ်အဖြစ် တည်ရှိခဲ့တယ်ဆိုတာကတော့ ကျနော်တို့ သမိုင်းဝင်ဖြစ်သွားတာပေါ့” ဟု ပဒိုစောတောနီးက ပြောကြားသည်။

ပိုင်ရှင် အစစ်အမှန်ဆီပြန်​ရောက်ခြင်းဖြစ်​ကြောင်းလည်း KNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမ အ​မြောက် ၂ လက် ၊ စက်လက် အပါအဝင်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ကိုလည်း​တွေ့ရသည်။

KNUသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုတွင်လည်း မြန်မာပြည်သူဘက်က ရပ်တည်ကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည့်အပြင် စစ်အာဏာရှင်တိုက်ဖျက်ရေး ကြိုးပမ်းသည့်လူငယ်များကို စစ်သင်တန်းပေးခြင်း၊ အတူလက်တွဲ ပူးပေါင်းတိုက်ပွဲဝင်ခြင်းများ ပြုလုပ်လျက်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်စခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။