တော်လှန်ရေးအမြန်ပြီးဆုံးနိုင်ရေး ပြည်တွင်း၊ပြည်ပရှိ တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်း
ဟန်နွေ/People’s Spring
ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို သိမ်းပိုက်ပေးနိုင်ခဲ့သည့် ချင်းညီနောင်နှင့် မဟာမိတ်များကို ကျေးဇူးတင်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) သဘာပတိအဖွဲ့ဝင်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက် ချင်းပြည်နယ် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆလိုင်းလျန်လွယ် ပြောကြားသည်။
ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့နှင့် ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့များကို သိမ်းပိုက်ပြီးနောက် ချင်းညီနောင်က မင်းတပ်၊ ကန်ပက်လက် သိမ်းပိုက်ပြီးဖြစ်ကြောင်း အထူးကြေညာချက် ထုတ်ပြန်သည့် အစီအစဉ်တွင် ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်က ဝမ်းမြောက်ကြောင်း စကား ပြောကြားခဲ့ခြင်းဖြစ်သည်။
“မင်းတပ်မြို့ကို ခက်ခက်ခဲခဲနဲ့ စစ်ဦးစီးချုပ်ရဲ့ ဦးဆောင်မှု၊ မဟာမိတ်အဖွဲ့နဲ့ အပေါင်းအပါတို့ ဆွဲထားတဲ့ မဟာဗျူဟာ နည်းဗျူဟာ မှန်ကန်မှုနဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ပွဲဝင်တဲ့အခါ ဒီကနေ့မှာ အံ့ဩလို့ မဆုံးနိုင်အောင် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါ မိဘပြည်သူများလည်း ကျနော်တို့နဲ့အတူ ဝမ်းမြောက် ဂုဏ်ယူကြမယ်လို့ ကျနော်မျှော်လင့်ပါတယ်။” ဟု ဆလိုင်းလျန်လွယ်က ပြောသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များ၊ YDF၊ YAနှင့် ပြည်သူကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး မဟာမိတ် အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းနှင့် စစ်ကူ ၊ စစ်ရေးဆိုင်ရာ အကြံဉာဏ်များနှင့် လိုအပ်သော အကူအညီများ ပံ့ပိုးခဲ့ဟု ချင်းညီနောင်က အသိပေးထားသည်။
“ကျနော်တို့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီ စစ်အာဏာရှင် အမြစ်ဖြုတ်ချရေးဆိုတဲ့ တူညီသော ရည်ရွယ်ချက်နဲ့ အတူတူ ရင်ခြင်းအပ်ပြီး ကြိုးစားလာတဲ့အခါ ဒီကနေ့မှာ ဝမ်းသာလို့မဆုံး ဂုဏ်ယူလို့မဆုံးတဲ့ ပန်းတိုင် အောင်ပွဲကို ဆွတ်ခူးပေးနိုင်တဲ့အတွက် အထူးပဲ ချင်းညီနောင်နဲ့မ ဟာမိတ်အပေါင်းအပါများကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်” ဟု ဆလိုင်းလျန်လွယ်က ပြောသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့များမှာ စစ်အာဏာရှင်များ ကင်းစင်ပြီးဖြစ်သည်နှင့်အညီ ပြည်သူလူထုများ မြို့ရွာဒေသ၌ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး ဆက်လက်ကြိုးစားရမည်ဟု ၎င်းက ဆိုသည်
ထို့ပြင် စစ်အာဏာရှင်စနစ်က လွတ်မြောက်ရေး ရည်ရွယ်ထားသည်နှင့်အညီ ကျန်သည့်မြို့များ၌ ဆက်လက်ကြိုးစားမည်ဟုဆလိုင်းလျန်လွယ်က ပြောသည်။
“တော်လှန်ရေး မြန်မြန်အောင်မြင်မှ မြန်မြန်ပြီးဆုံးသွားမှ ကျနော်တို့ မိဘပြည်သူတွေ ဒုက္ခရောက်နေတဲ့ မိဘပြည်သူတွေ အားလုံး အေးအေးချမ်းချမ်းနဲ့ ပြန်နေထိုင်ပြီး ကျနော်တို့ အားလုံးရည်မှန်းမျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို အမြန်ဆုံး ဖော်ဆောင်နိုင်အောင် အတူတကွ စိတ်ညီ လက်ညီနဲ့ ပူးပေါင်းဆောင်ရွက်ကြရအောင်လို့ ပြောကြား တိုက်တွန်းရင်းနဲ့ အခု အောင်ပွဲကို ဆင်နွှဲပြီးတဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်များနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ဆလိုင်းလျန်လွယ်က ပြောကြားသည်။
ချင်းညီနောင်၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ ဆလိုင်းထန်းချွန်းဖေက အဖက်ဖက်မှ ဝိုင်းရံ ပံ့ပိုးပေးသည့် တော်လှန်ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး တိုက်ပွဲ၌ အသက်ခန္ဓာ စတေးပြီး ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ ဒေသလွတ်မြောက်ရေး စွန့်လွှတ်အနစ်နာခံပေးသည့် ရဲဘော်များကိုလည်း ဂုဏ်ပြုကြောင်း ပြောကြားသည်။