ဟန်နွေ/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF)များဖြင့်စုဖွဲ့ထားသည့် ချင်းညီနောင်နှင့် မဟာမိတ်များ သိမ်းပိုက်ထားပြီးဖြစ်သည့် ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၂၂ရက်) ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။
ချင်းညီနောင်က မင်းတပ်မြို့ကို ရက်ပေါင်း ၄၀ကျော်အကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်ခဲ့ပြီး ကန်ပက်လက်မြို့ကိုမူ တိုက်ခိုက်ခြင်းမပြုရဘဲ စစ်ကောင်စီတပ်နှင့် ရဲများ ဆုတ်ခွာထွက်ပြေးသွား၍ ယနေ့ (ဒီဇင်ဘာ ၂၂ရက်)တွင် သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ရှုံးနိမ့်ခဲ့သည့် စစ်ကောင်စီသည် ယနေ့ ညနေ ၅နာရီခန့်တွင် မင်းတပ်မြို့ပေါ် တစ်နေရာကို တိုက်လေယာယဉ်ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ပြီး ကန်ပက်လက်မြို့အနီး တနေရာကိုလည်း ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားတော့ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း မင်းတပ် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“အထိအခိုက် မသိရဘူးဗျ” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
မင်းတပ်တိုက်ပွဲတွင် နောက်ဆုံးကျန်နေသည့် ခလရ(၂၇၄)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဖြစ်ပြီး ကန်ပက်လက်မြို့နယ်မှ စစ်သားနှင့်ရဲများသည် ယမန်နေ့ည သန်းခေါင်တွင် မြို့ကို စွန့်ပြီးဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီဖြစ်၍ ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။