သတိုး/ People’s Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပျက်ရယ်ပြုသည့်ပုံစံဖြင့် ကြော်ငြာဗီဒီယိုရိုက်ကူးသည်ဟုပြည်သူများကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သောကြောင့် ဖေ့စ်ဘွတ်ဆယ်လီဖြူဖြူထွေးက ယင်းဗီဒီယိုကိုဖြုတ်ချကာ ပြန်လည်တောင်းပန်ခဲ့သည်။
■ဝေဖန် ပြစ်တင်ခံရသည့်အကြောင်းရင်းဖြူဖြူထွေးက တရုတ်ပရုတ်ဆီ ဟောင်စု ဆိုသည့် တံဆိပ်ကို ကြော်ငြာရိုက်ကူးရာတွင် ဝတ်ဆင်ခဲ့သည့် အဝတ်အစားပုံစံ ၊ ပြောစကားမှ အသုံးအနှုန်း အချို့ နှင့် ယင်းဗီဒိယိုဖိုင်ကိုတင်သည့်အချိန်၌ ရေးသားထားသည့် စာသာများအပေါ် ပြည်သူများက ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ယင်းဗီဒီယိုဖိုင်ကို “ခြံစည်းရိုးကြီးမယ်တော် ဟောင်စုဘဝ” ဟုရေးသားတင်ခဲ့ခြင်းဖြစ်ပြီး စာသားကို အကြိမ်ကြိမ်ပြုပြင်မှုများပြုလုပ်ခဲ့သလို ဇာတ်လမ်းအတွင်း၌ ခြံစည်းရိုးနှင့်သက်ဆိုင်သည့် အကြောင်းအရာ မပါဝင်ကြောင်း ပြည်သူများကထောက်ပြထားသည်။
ဗီဒီယိုဖိုင်ကိုစတင်သည့် အချိန်တွင် “ခြံစည်းရိုးကြီးမယ်တော်ဟောင်စုဘဝ”ဟု ရေးသားထားခဲ့ပြီးဝေဖန်ခံရချိန်တွင် “ခြံစည်းရိုးကြီးမယ်တော်ဟောင်စုဘဝ ကဲပြော ဘာရောဂါကုပေးရမလဲပြော”၊ ထိုမှတစ်ဆင့် “မယ်တော်ဟောင်စုရဲ့ ဟောင်စုဆေးပရုတ်ဆီအစွမ်း ကဲပြော ဘာရောဂါကုပေးရမလဲပြော” နှင့် နောက်ဆုံးတွင် “ဟောင်စုဆေးပရုတ်ဆီအစွမ်း ကဲပြောဘာရောဂါကုပေးရမလဲပြော” ဟု အကြိမ်ကြိမ်ပြောင်းလဲခဲ့သည်။ ခြံစည်းရိုးကြီးမယ်တော် အသုံးအနှုန်း နအဖ၊နဝတ စစ်အစိုးရလက်ထက်တွင် စစ်တပ်သတင်းစာများ ၌ ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်သော ဝါဒဖြန့်ဆောင်းပါးအချို့တွင်အသုံးပြုသော အသုံးအနှုန်းဟုလည်း ဖေစ်ဘွခ်သုံးစွဲသူအချို့ကထောက်ပြသည်။
ထို့ပြင် ယင်းဗီဒီယို၌ ဖြူဖြူထွေး၏ ဝတ်စားဆင်ယင်မှု ၊ ပန်းပန်သောပုံစံတို့ သည် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်မှုပုံစံမျိုးဝတ်ဆင်ထားသလို ဒိုင်ယာလော့ခ်စာသားတစ်ခုဖြစ်သည့် ၇၉ သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကိုရည်ညွှန်းခြင်းဖြစ်နိုင်သည်ဟု ဝေဖန်ထားကြသည်။
■ဝေဖန်သူများကို ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ် လှုံ့ဆော်
အဆိုပါကြော်ညာနှင့်ခေါင်းစီးကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်အချို့ကလည်းပြန်လည်ဖြန့်ဝေခဲ့သည်ကိုတွေ့ရသည်။ ထိုကြော်ညာနှင့် ဖြူဖြူထွေးအပေါ်ဝေဖန်သူအချို့ကို ဖမ်းဆီးရန် စစ်တပ်ဝါဒ
ဖြန့် ဟန်ငြိမ်းဦး တယ်လီဂရန်ကလည်း ကိုယ်ရေးအချက်အလက်များပါတင်၍ လှုံ့ဆော်ခြိမ်းခြောက်နေသည်ကိုတွေ့ရသည်။
■ဆေးအမည်အငြင်းပွားစစာအချက်များ
အထက်ပါပြောဆိုမှုများအပေါ် ဖြူဖြူထွေးက မဟုတ်မှန်ကြောင်းငြင်းဆိုထားပြီး ဟောင်စု ၏ အဓိပ္ပာယ်ကိုလည်း မိသားစုတိုင်းအတွက် ကောင်းခြင်းတွေစုပေါင်းထားတဲ့ ဟောင်စု ဟု ပြန်လည်ဖြေရှင်းထားသည်။
သို့သော် အဆိုပါ ဆေး၏ တရုတ် အသံထွက်မှာလည်း ဟောင်စု မဟုတ်ဘဲ အသံထွက်အမှန်မှာ ဟောက်စူးဖြစ်ကြောင်း တရုတ်ဘာသာစကားတက်သူအချို့ကလည်းပြောသည်။
“အဲ့ဆေးနာမည်က ဟောက်စူး။ဟောင်စု မဟုတ်ဘူး မြန်မာအသံထွက်ကို–တလွဲပေးထားတာ ။
Page ကို 2022ကမှ ဖွင့်ထားပြီးတော့ တရုတ်စာမှာ သံတူကြောင်းကွဲ စာလုံးတူသံကွဲ သိပ်များရတဲ့အထဲအသံအနိမ့်အမြင့်အလိုက် အသံပြောင်းတာနဲ့ စာလုံးက လုံးဝကွဲပြားတာ။浩 ဆိုတာ Hào ဟောက်ဝ် ( သံပြတ် )苏 ဆိုတာ Sū စူး( သံရှည် ) ဟောင်လည်း မဟုတ်သလို စုလည်း လုံးဝမဟုတ်ဘူး။” ဟု ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးကထောက်ပြထားသည်။
■ကြော်ညာကိုပြန်ဖြုတ်ချတောင်းပန်းသော်လည်းအငြင်းပွားနေသည့်အချက်များကိုမဖြေရှင်း
ယင်းဗီဒီယိုဖိုင်ကို ဒီဇင်ဘာ ၂၃ ရက်တွင် တင်ခဲ့ခြင်းဖြစ်ပြီး ဝေဖန်မှူများကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့လည် တွင် ဖြူဖြူထွေး၏ ပေ့ခ်ျ၌ ပြန်လည်ဖြုတ်ချခဲ့သည်။
ထို့ပြင် ဖြူဖြူထွေးက ယင်းဇာတ်ညွန်းကိုရေးသားသူဟုဆိုသူနှင့် ယနေ့ညနေတွင် ပရုတ်ဆီကြော်ငြာနှင့်ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်ရသူများကိုတောင်းပန်ကြောင်း ဗီဒီယိုဖိုင်တင်ခဲ့သည်။
သို့သော်လည်း ပြည်သူများထောက်ပြထားသည့် ခြံစည်းရိုး အသုံးအနှုန်း ၊ အသက်အသုံးအနှုန်းစသည်တို့နှင့်ပတ်သက်၍ သီးသန့် ဖြေရှင်းခဲ့ခြင်းမရှိပေ။
“၇၉ လို့ ဘာအတွက်ပြောတာလဲ အဝတ်အစားကရော ဘာလိုပုံစံတူအောင် ဝတ်ဆင်ရတာလဲ ဆေးနာမည်ကိုတော့ ထားလိုက်ပါတော့ တရုတ်လို..ဆိုတော့” ဟု ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးကမေးခွန်းထုတ်ထားသည်။
ရိုးရိုးသားသားတင်ခဲ့သည်ဆိုပါက အကြောင်းအရာနှင့် ခေါင်းစီးကို မဆိုင်ဘဲ ပေးခဲ့ခြင်း ၊ဝေဖန်ခံရသောအခါခေါင်စီးအကြိမ်ကြိမ်ပြောင်းခဲ့ခြင်းအပေါ်လည်း ဖေစ်ဘွခ်အသုံးပြုသူများကမေးခွန်းထုတ်သည်။
တောင်းပန်သည့်ဗီဒီယိုဖိုင်ကို React ပေးသူ များအနက် စစ်ကောင်စီဘက်တော်သား ယုန်လေးက Sad React ပေးထားသည်ကိုတွေ့ရသည်။
ယုန်လေးသည် ရွေးကောက်ပွဲကြိုကာလတွင် အာဏာသိမ်းသည့် နှပ်ကြောင်းပေး ဇာတ်လမ်းရိုက်ကူးခဲ့သောကြောင့် ဝေဖန်မှုပြင်းပြင်းထန်ထန်ခံခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီဘက်တွင်ရပ်တည်ခဲ့သောကြောင့် ပြည်သူများ၏ Social Punishment ပြုလုပ်မှုကိုခံနေရသူဖြစ်သည်။
“ရဟတ်လည်သလိုလည်နေပြီ။ ပြန်တောင်းပန်မယ် ပြီးရင်ငိုမယ်၊ ပြီးရင်တလွှဲတွေလုပ်မယ်၊ ပြီးရင် ပြီးရင် ပြီးရင်…….” ဟု ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးကမှတ်ချက်ရေးသားထားသည်။
■လူမှု ပြစ်ဒဏ်ခတ်ခံခဲ့ရသောဖေစ်ဘွခ်ဆယ်လီ
ဖြူဖြူထွေးသည် အာဏာသိမ်းကာလအစပိုင်းတွင် ၎င်းကိုဝေဖန်သည့် ပြည်သူများအားအာဏာသိမ်းခြင်း မဟုတ်ဘဲ ၁ နှစ်သာ အာဏာထိန်းခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သောကြောင့် Social Punishment ပြုလုပ်ခံရကာ ပြည်သူများ၏ ရှေ့မှ ကာလတစ်ခုကြာ ပျောက်ကွယ်နေခဲ့သေးသည်။ ထို့နောက် ဆင်းရဲနွမ်းပါးသူများကို အလှူပေးသည့် ဗီဒီယိုဖိုင်များဖြင့် အွန်လိုင်းပေါ်သို့တကျော့ပြန်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ပြည်သူများအနေဖြင့် Social Punishment ကိုထိထိရောက်ရောက်ပြုလုပ်မည်ဆိုပါက ၎င်း၏ပေ့ခ်ျကို Like နှင့် Follow ဖြုတ်ရန် ပြည်သူအချင်းချင်းတိုက်တွန်းထားသည်။
■ကြော်ညာကုမ္ပဏီ နှင့် ဗိုလ်ချုပ်ဟောင်းဦးစိုးသိန်း သားအဖ ဆက်စပ်မှု
ထိုအပြင် ဖြူဖြူထွေးသည် ကြော်ညာများကို rgo47 ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆို ရိုက်ကူးနေပြီး ထို အေဂျင်စီသည် ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင် ဦးစိုးသိန်း၏ သား ဦးအေးချမ်း ပိုင်ဆိုင်သောလုပ်ငန်းဖြစ်သည်။ ဦးစိုးသိန်းမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင်အစိုးရ ပြုပြင်ပြောင်းလဲရေးများကြောင့် အမည်ကောင်းရခဲ့သူများတွင်ပါဝင်ခဲ့သော်လည်း ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် စစ်တပ်အာဏာသိမ်းရန်အားပေးခဲ့သူဖြစ်သည်။ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်ညတွင် စစ်တပ်အာဏာမသိမ်းမည်စိုး၍ အိပ်ပင်မပျော်ခဲ့ဟုပြောခဲ့သူဖြစ်သလို ၊ ၎င်း၏ သား ဦးအေးချမ်းမှာလည်း စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီအတွင်းရေးမှူးဖြစ်ကာ နွေဦးတော်လှန်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် မကြာခဏ တိုက်ခိုက်ပြောဆိုလေ့ရှိကြသည်။
“ဗီဒီယိုနဲ့ပတ်သက်ပြီးတင်လိုက်တဲ့အချိန်မှာ ပြည်သူတွေက အမေစုနဲ့ပတ်သက်တယ်လို့ထင်တယ်။ထင်ပြီးတော့သူ့ရဲ့အောက်မှာ ၊ ပြောရရင်သူကတော်တော်ပရိသတ်ရှိတယ်ပြောလို့ရတယ်။ ဒီလိုလူမျိုးတောင် နောက်ဆုံးမှာ ဗီဒီယိုပြန်ဖြုတ်ချတဲ့အထိဖြစ်သွားတယ်ဆိုတော့ အခုအချိန်မှာ အမေစုကို ထိရင်တော့ ဘယ်သူမှမခံဘူးဆိုတာ ကျိန်းသေတဲ့အမှန်တရားတစ်ခုပါပဲ ” ဟု တော်လှန် အနုပညာရှင် ဒါရိုက်တာသွန်းနေစိုးက ၎င်း၏အမြင်ကိုပြောသည်။
သရုပ်ဆောင် မင်းမော်ကွန်းကလည်း”စိတ်ဆိုးတာလည်းဆိုးBoycott လဲလုပ်ရမှာပါ ။သို့သော်သူတို့ကို သိပ်စောက်ဖက်မလုပ်တာပိုကောင်းမယ်ထင်ပါတယ်ဆဲပါ သူတို့တင်တဲ့ ပို့အောက်ဝင်မဆဲကြပါနဲ့ခင်မျာ။ဝေဖန်ပါ သူတို့ပုံတွေတော့မတင်ပါနဲ့။မျက်စိနောက်မယ့်သူတွေအဖက်မတန်လို့ မကြည့်ချင်သူတွေအာရုံတွေနောက်လွန်းလို့ပါ” ဟု မေတ္တာရပ်ခံထားသည်။
■ခြိမ်းခြောက်သည့် Black Hero UG PDF မြေပြင်တွင် မရှိ
အဆိုပါဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ဖြူဖြူထွေးကို Black Hero UG PDF အမည်ဖြင့် အဖွဲ့က ယင်းလုပ်ရပ်အပေါ်ခွင့်လွှတ်ပေးမည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၄ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။
ကြေညာချက်ထုတ်ပြန်သည့်အဖွဲ့နှင့်ပတ်သက်၍ ရန်ကုန်မြေပြင်မှတော်လှန်ရေးအင်အားစုများကို People’s Spring မှ အတည်ပြုရာတွင် ယင်းအဖွဲ့အမည်ဖြင့် လှုပ်ရှားသည့် အဖွဲ့ မရှိကြောင်းတောိလှန်ရေးအဖွဲ့များကအတည်ပြုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကျောင်းသားခေါင်းဆောင်ကိုနန်းလင်းကလည်း ယင်းကဲ့သို့ခြိမ်းခြောက်ခြင်းသည် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက် စံတန်ဖိုးများနှင့်ကွဲလွဲနေကြောင်း ထောက်ပြထားသည်။
ယင်းကိစ္စအပေါ် ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက PDF အမည်ကိုသုံး၍ စစ်ကောင်စီဘက်မှ လှည့်ကွက်သုံးခြင်းလည်းဖြစ်နိုင်ကြောင်းသုံးသပ်ထားသည်။
■စစ်ကောင်စီရည်ရွယ်ချက်
စစ်ကောင်စီအတွက် ဒီဇင်ဘာလအတွင်းမှာပင် မောင်တော ၊တောင်ကုတ် ၊အမ်းမြို့ နှင့် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကျရှုံးခြင်း ၊ချင်းပြည်နယ်တွင်လည်း မင်းတပ် မြို့ နှင့် ကန်ပက်လက် မြို့ များကို ချင်းညီနောင်က တိုက်ခိုက်သိမ်းပိုက်သွား၍ ဆုံးရှုံးထားသည်။ ထိုအပြင် ဂွမြို့ ၊ဖလမ်းမြို့ ၊ဗန်းမော်မြို့ ၊ အင်းတော်မြို့ များကို တော်လှန်ရေးတပ်များကအပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး နိုင်ငံတဝန်းတော်လှန်ရေးအရှိန်အဟုန် ကောင်းနေစဥ်တွင် ပြည်သူများကို တော်လှန်ရေးသတင်းများကိုစိတ်မဝင်စားဘဲဖြူဖြူထွေးနှင့် အာရုံနောက်စေရန် စစ်ကောင်စီ၏ လုပ်ရပ်တစ်ခုသာဖြစ်ကြောင်းစစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးကသုံးသပ်သည်။