ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူသတ်ကားလုသွားသူများအား ဖမ်းဆီးရမိရာ အသက်မပြည့်သေးသူနှင့် မိန်းကလေးငယ်များ ပါဝင်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၆ရက် နံနက် ၇နာရီခန့်က မုံရွာမြို့ပေါ်၊ သလ္လာအမှတ်(၄)ရပ်ကွက်၊ မိုဃ်းကောင်းလမ်းအတွင်း၌ လူသတ်ပြီး ကားအားလုယူပြေးသူများကို မုံရွာမြို့နယ် ပလဖ ရဲဘော်များက လိုက်လံဖမ်းဆီးခဲ့သည်။
လူသတ်ကားလုသူများသည် အက်တောရပ်ကွက်လမ်းပေါ်တွင် ကားကာ ထွက်ပြေးသွားခဲ့ပြီးနောက် မုံရွာပလဖက ဆက်လက်စုံစမ်းခဲ့ရာ ညပိုင်းတွင် ကျူးလွန်သူ အသက်(၁၈)နှစ်အရွယ် မောင်မင်းသန့်၊ အသက် (၁၉)နှစ်အရွယ် မောင်အောင်လေး (ခ)ငသဲ၊ အသက် (၂၂)နှစ်အရွယ် မောင်ခန့်၊ အသက် (၁၇)နှစ်အရွယ် မောင်အောင်ချမ်းဇင်၊ အသက်(၂၀)နှစ် အရွယ် မဖြူဖြူငြိမ်းနှင့် မလဲ့လဲ့မွန် စုစုပေါင်း ခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာပလဖက ထပ်မံအသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မုံရွာပလဖထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် ၄ချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။
“တခြားကိစ္စတစ်ခုလည်း ပါတယ်လို့လည်း ပြောနေကြတယ်။ မုံရွာမှာက အသက်မပြည့်တဲ့သူကအစ လက်နက်ကိုင်တာမဆန်းတော့ဘူး။ ပိုက်ဆံရှိရင်အကုန်ရတယ်။”ဟု မုံရွာ ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၃ သြဂုတ်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ် ဓါးပြတိုက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
မုံရွာမြို့ပေါ်တွင် အာဏာသိမ်းကာလတလျှောက် ရွှေဆိုင်များ၊အခြားစီးပွားရေးလုပ်ငန်းများ မကြာခဏ ဓါးပြတိုက်ခံနေရပြီး လူသေဆုံးသည့်ဓါးပြမှုများပင် ရှိခဲ့သည်။