Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မရဲစခန်းအချုပ်အတွင်း ကျောက်ကပ်ရောဂါခံစားရစဉ်ဆေးရုံတက်ကုသခွင့်မရ၍ နိုင်ကျဉ်းတစ်ဦး ကျဆုံး

မုံရွာမြို့မရဲစခန်းအချုပ်အတွင်း ဆေးကုသခွင့်လုံလောက်စွာမရ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ဘုံဘုံသည် LGBT လိင်စိတ်ခံယူထားသူတစ်ဦးလည်း ဖြစ်သည်။

(မုံရွာရဲစခန်းအချုပ်အတွင်း ကျဆုံးသွားသည့် နိုင်ကျဥ်းရဲဘော် ဘုံဘုံအား မကျဆုံးမီကတွေ့ရစဥ်။ဓာတ်ပုံ - PPNM)
(မုံရွာရဲစခန်းအချုပ်အတွင်း ကျဆုံးသွားသည့် နိုင်ကျဥ်းရဲဘော် ဘုံဘုံအား မကျဆုံးမီကတွေ့ရစဥ်။ဓာတ်ပုံ - PPNM)

ကျော်ဇော၊ဇေအောင်/People’s Spring

မုံရွာမြို့မရဲစခန်းအချုပ်၌ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ကျောက်ကပ်ရောဂါအပြင်းအထန်ခံစားနေရစဥ် ဆေးရုံတက်ကုသခွင့်မရ၍ အချုပ်အတွင်း ကျဆုံးသွားကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့(ဒီဇင်ဘာ ၂၆ ရက်)အသိပေး ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ရောဂါကို ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်ကစတင်ကာ ဆိုးရွားစွာခံစားခဲ့ရ၍ မုံရွာမြို့မရဲစခန်းတာဝန်ရှိသူများထံ ဆေးကုသခွင့်ရရန် တင်ပြခဲ့သည်ဟု ဖော်ပြသည်။

သို့သော် မြို့မရဲစခန်းတာဝန်ရှိသူများက ဘုံဘုံအား ဆေးရုံသို့ ပို့ဆောင်ကုသမပေးဘဲ အချုပ်ခန်းတွင်း၌ပင် ပုလင်းကြီးချိတ်ကုသပေးမှုများသာ ယာယီပေး၍ ထပ်မံချုပ်နှောင်ထားခဲ့​သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဘုံဘုံမှာ ဒီဇင်ဘာဒုတိယအ ပတ်မှစ၍ လမ်းကောင်းစွာ မလျှောက်နိုင်တော့သည့်အပြင် အစာအမာများ စားသောက်နိုင်ခြင်းမရှိဘဲ ကျန်းမာရေးအခြေ အနေပိုမိုဆိုးရွားလာခဲ့ပြီး ဒီဇင်ဘာ၂၅ ရက်တွင် ကျဆုံးသွားခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

ဘုံဘုံသည် ၂၀၂၄ ဖေဖော်ဝါရီ ၂၄ရက်တွင် မုံရွာမြို့ အောင်ဇေယျရပ်ကွက်၊ အိုးရှင်းစင်တာအနီး စစ်ကောင်စီ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂ (ခ)တို့ဖြင့် ဒီဇင်ဘာ ၂၃ရက်တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူဖြစ်သည်ဟု PPNM က အသိပေးသည်။

“ဖမ်းဆီးခံရပြီးတော့ အကျဥ်းထောင်၊ အချုပ်ထောင်နဲ့ ရဲစခန်းတွေမှာ သေဆုံးမှုက ဒီတစ်နှစ်(၂၀၂၄) ထဲမှာတင် ဘုံဘုံအပါအဝင် ၂၃ ဦးရှိပါပြီ”ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် အကျဥ်းထောင်၊ အချုပ်ထောင်၊ ရဲစခန်းစသည့် အကျဥ်းချထားရာနေရာများနှင့် စစ်ကောင်စီအာဏာသက်ရောက်သည့် ဆေးရုံ၊ ဆေးခန်းများတက်ရောက်နေစဥ် လုံလောက်သည့် ဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးခဲ့ရသည့်အကျဥ်းသားအရေအတွက်မှာ ၂၅ ဦးရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မုံရွာမြို့မရဲစခန်းအချုပ်အတွင်း ဆေးကုသခွင့်လုံလောက်စွာမရ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ဘုံဘုံသည် LGBT လိင်စိတ်ခံယူထားသူတစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် ဘုံဘုံသည် ဖမ်းဆီးမခံရမီက မြန် မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအရေးကို ဆောင်ရွက်လုပ်ကိုင်ခဲ့သူဖြစ်ရာ နှမျောဝမ်းနည်းခြင်းများစွာဖြင့် ဦးညွတ်အလေးပြုအပ်ပါကြောင်း PPNM က ဖော်ပြထားသည်။

မုံရွာမြို့မရဲစခန်းတွင် ဒုရဲမှူးပြည့်လင်းအောင်၊ ဂတ်စာရေးချစ်ညိုညို၊ ဒုရဲအုပ်ဝေဝေမြင့်နှင့် ဒုရဲအုပ်ဇာခြည်ဦးတို့သည် နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားများအား ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မုံရွာရွာလူထုသိပိတ်ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောသည်။

“နိုင်ငံရေးအကျဥ်းသားတွေ မထင်ရင်မထင်သလိုရိုက်နှက်တာ မူးလာလို့ရှိရင် ဆဲဆိုတာတွေက အခုအချိန်ထိလည်း ဖြစ်ပွားဆဲဖြစ်တယ်။ သူတို့ကိုဆုံးမမယ့်သူ အရေးယူမယ့်သူ၊ သူတို့ရဲ့လုပ်ရပ်တွေကို တာဝန်ယူခိုင်းမယ့်သူ ခုချိန်ထိမရှိသေးဘူး။ နိုင်ငံအကျဥ်းသားတွေရဲဘော်တွေကို သူတို့အပိုင်ထဲမှာရှိတဲ့နေတဲ့သူတွေ သူတို့အချိန်မရွေး ကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့စိတ်နဲ့ ဆက်ဆံနေကြတယ်။ တချိန်ချိန်မှာပြည်သူရဲ့တရားစီရင်ခြင်းကို ခံရမယ်လို့ ပြောချင်ပါတယ်။”ဟု ကိုရှင်းသန့်က ပြောသည်။

မုံရွာမြို့မရဲစခန်းရှိ ရဲများသည် အချုပ်သားများအား နေရာထိုင်ခင်း လုံလောက်စွာ မပေးခြင်း၊ မိသားစုများမှပေးပို့လာသော ငွေကြေးနှင့်အခြားပစ္စည်းများကိုလည်း ဖြတ်ယူခြင်း၊အလွဲသုံးစားပြုခြင်းများ ပြုလုပ်နေကြောင်း PPNMက ပြောသည်။

ယခုနှစ် မတ်လ ၂၉ ရက်ကလည်း မုံရွာမြို့၊ အမှတ်(၁)ရဲစခန်းတွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်နှင့် ချောင်းဦးမြို့ သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့ ရိုက်နှက်ခံရပြီး ကိုအောင်ကျော်ဇင် သေဆုံးသွားခဲ့သည်။

၂၀၂၄ ဇန်နဝါရီ ၁ရက်မှ နိုဝင်ဘာ ၃ဝရက်အထိ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား (၁၈)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ (၂)ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကဖ) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

သတင်း

Wish အဖြူရောင်ကားတစ်စီးအား ယူဆောင် သွားခြင်းဖြစ်ပြီး လုယက်မှုနှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်များအား မသိရသေးပေ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ မှတ်ပုံတင်သွားလုပ်သည့် ကနီးမြို့နယ်မှ လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။