သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၄)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ပင်မသပိတ်စစ်ကြောင်းနဲ့အတူ ဘုတလင်မြို့နယ် အ.က.သ ကျောင်းသားအဖွဲ့၊ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်တို့ ပူးပေါင်းကာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဆရာဦးဝင်းဌေး မိသားစုမတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်နေ့ အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
ယင်းလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် မြို့နယ်ပညာရေးဘုတ်မှ ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ သပိတ်အင်အားစုတွေက ပြည်သူလူထုတို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။
တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ သပိတ်လှုပ်ရှားမှုကို ‘လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်’ ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ DDMSC