အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအား ARSAအဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
မောင်တောမြို့နယ်၊ကျောက်ပန္ဒူကျေးရွာမှ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာလာသည့် သုံးဘီးကားတစ်စီးကို မေယုတောင်ကျော်လမ်း၊ မြို့ယုကျေးရွာအနီးတွင် ARSA အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု မောင်တောမြို့ဒေသခံတစ်ဦးက ပြောသည်။
” ARSAက ချောင်းပစ်တာ။ တပ်တော်(AA)ကတော့ လိုက်ရှင်းနေတာကြားတယ်။ အခုတခါ အပစ်ခံရတာမှာ ခရီးသည်ထဲက တစ်ယောက်သေပြီးနှစ်ယောက် ဒဏ်ရာရတယ်”ဟု မောင်တောမြို့ဒေသခံကပြောသည်။
ဒီဇင်ဘာ ၂၄ရက်ကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းနှင့် တောင်ပြိုကျေးရွာအကြားတွင် စေတနာ့ဝန်ထမ်းအမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း ၁၆ဦးလိုက်ပါလာသော ခရီးသည်တင်ယာဉ်တစ်စီးအား ARSAအဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်မှုတွင် ARSAအဖွဲ့တွင် ၂၅ဦးခန့်ပါဝင်သည်ဟု ဆိုသည်။ အရပ်ဘက်ပြည်သူလူထုများအားတိုက်ခိုက်ခဲ့သော ARSAအကြမ်းဖက်အဖွဲ့အား လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်ထားသည်။
မောင်တောမြို့ကို ဒီဇင်ဘာ ၈ရက်တွင် AAက အပြီးသတ်တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲတွင် ARSA အပြင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ခဲ့သည်။
မောင်တောမြို့ကိုသိမ်းယူထားသည့် AAကို တိုက်ခိုက်မည်ဟု ARSAအဖွဲ့က ကြွေးကျော်သည့် ရုပ်သံဖိုင်အချို့ လူမှုကွန်ရက်၌ထွက်ပေါ်ခဲ့သည်။