မြို့ပြပြောက်ကျားရဲဘော်များ ပစ်ခတ်မှုမဟုတ်ဟု ပြော
သတိုး/People’s Spring
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၌ ဖြစ်ခဲ့သည့် ပစ်ခတ်မှုသည် တော်လှန်ရေးနှင့် မသက်ဆိုင်ပဲ မိန်းကကိစ္စ အရှုပ်အရှင်းကြောင့် ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ဗားကရာလူသတ်မှုကတော့ အဓိကက မိန်းမကိစ္စနဲ့ ဖြစ်တယ်လို့ ကြားတယ်။ နောက်တစ်ခုက ပစ်ခတ်ရှင်းလင်းခံရတဲ့သူကစမ်းချောင်းမြို့နယ်မှာ လုပ်တဲ့ ပျူစောထီးသင်တန်းမှာ နောက်ဆုံးအသုတ်ဆင်းထားတဲ့ ပျူစောထီးတစ်ဦးဖြစ်ပြီးတော့ စမ်းချောင်းမှာရှိတဲ့ ပျူစောထီးခေါင်းဆောင်အနေနဲ့လုပ်နေတဲ့သူ ပစ်ခတ်ရှင်းခင်းခံရတာ။”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ကိုပီတာက ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်သည် ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သူက သေနတ်အရှည်အသုံးပြုပြီး ပုဆိုးဖြင့်အုပ်ကာ လမ်းအလယ်အထိသွား၍ အနီးကပ်ပစ်ခတ်ခဲ့သည်ကို စီစီတီဗီ မှတ်တမ်းများ၌ တွေ့မြင်ရသည်။
“ပစ်ခတ်တဲ့သူသုံးတဲ့ သေနတ်ကလည်းတော်လှန် ရေး အင်အားစုက သုံးတဲ့သေနတ်တွေမဟုတ်ဘူး။ အတိုလည်းမဟုတ်ဘူး။ M-16 တို့ AK-47 တို့ မဟုတ်ပဲ ရဲတွေသုံးတဲ့ အူစတို လို့ခေါ်တဲ့ သေနတ်ပုံစံဖြစ်နေတော့ ကျွန်တော်တို့အမြင်ကတော့ တော်လှန်ရေးအင်အားစုကလုပ်တာလို့ မမြင်ဘူး”ဟု ကိုပီတာကပြောသည်။
ရန်ကုန်တိုင်းစစ်ဒေသမှတာဝန်ရှိသူကလည်း “ကျနော်တို့လည်း အဲဒါစိတ်ဝင်စားနေတာဗျ။ ဘယ်အဖွဲ့မှန်းမသိဘူး။ ပြီးတော့ အရှည်နဲ့ပစ်တာလို့လည်း ပြောတယ်။ မြို့ထဲမှာ ကျနော်တို့အဖွဲ့တွေ အရှည်တစ်လက်မှကိုမရှိတော့တာ နှစ်ကိုမနည်းတော့ဘူး”ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ Kyimyindaing Scout Channel ကလည်း သေဆုံးသူသည်စည်ပင်ဝန်ထမ်းဟောင်းဖြစ်ပြီး လက်ရှိတွင် စမ်းချောင်းမြို့နယ်ဘက်၌ ဆိုက္ကားနင်းနေကာ စစ်ကောင်စီ၏ ပြည်သူ့စစ်သင်တန်းဆင်းဖြစ်ကြောင်း ဖော်ပြထားသည်။
“လက်ရှိတွင် ကြည့်မြင်တိုင်တဖက်ကမ်း၌ နောက်မိန်းမနှင့် အတူနေကြောင်းလည်းသိရှိရ။ ထိုနောက်မိန်းမမှာလည်း ဗားကရာဂျောက်ခွေးကင်းမှ စစ်ခွေးများနှင့် ငြှိစွန်းအရှုပ်ထွေးများ ရှိနေကြောင်း စသည့်သတင်းများကို မြို့နယ်တွင်းမှ စုံစမ်းသိရှိရပါသည်။” ဟု KSC က ထုတ်ပြန်ထားသည်။
စီစီတီဗီမှတ်တမ်းထွက်ပေါ်လာသော်လည်း ပစ်ခတ်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် ပစ်ခတ်မှုဖြစ်ခဲ့သည့် ဈေးကလေးရပ်ကွက်ကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အနေထားကို ကြည့်တော့ ပစ်ခတ်မှုသုံးတာ အရှည်နဲ့ရယ်၊ပစ်ကွင်းအနေထားက ကိုယ်တွေဖက်ဆို cctvရှောင်မှာမို့ မရွေးဖူး” ဟု မြေပြင်ရဲဘော်တစ်ဦးက အထက်ပါဖြစ်စဉ်အပေါ် ၎င်း၏အမြင်ကိုပြောသည်
ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများက တော်လှန်ရေးအင်အားစုဘက်မှရှင်းလင်းခြင်းဖြစ်နိုင်သည်ဟု စွပ်စွဲပြောဆိုမှုများရှိသည်။