Connect with us

Hi, what are you looking for?

သတင်း

တပ်မတော်သားများနှင့် တိုင်းပြည်ချစ်သည့်စစ်ဗိုလ်ချုပ်များ ပြည်သူ့ဘက်မျက်နှာမူပြီး စစ်ကောင်စီ ကို ငြင်းဆန်ကြရန် ယာယီသမ္မတ တိုက်တွန်း

“ကျနော်တို့ဟာ စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”

ဟန်နွေ/People’s Spring

တပ်မတော်သားများအနေဖြင့် စစ်ကောင်စီကို ငြင်းဆန်ပြီး ပြည်သူ့ဘက် မျက်နှာမူကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံတိုက်တွန်းလိုက်ပြီး တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင်ပြိုလဲချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

စစ်တပ်ခေါင်းဆောင်များက အရပ်သားဒီမိုကရေစီ အစိုးရထံမှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် လေးနှစ်ပြည့်နေ့ဖြစ်သော ယနေ့(ဖေဖော်ဝါရီ ၁ရက်)တွင် ယာယီသမ္မတက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် မိန့်ခွန်းပြောကြားခဲ့ရာ စစ်ကောင်စီတပ်ရှိ တပ်မတော်သားများ၊ အမှုထမ်းများ၊ စစ်ဗိုလ်ချုပ်များအား ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အဓမ္မမှုများကို ခုခံတော်လှန်စစ်ဖြင့် ခြေဖျက်ရုံဖြင့် မလုံလောက်သေးကြောင်းနားလည်ထားပြီး ခုခံတော်လှန်စစ်တွင် စစ်ရေးကဏ္ဍအပြင်နိုင်ငံရေးကဏ္ဍသည်လည်း အရေးကြီးသည့် ကဏ္ဍအဖြစ်ပါဝင်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါ့အပြင် အကြမ်းဖက်မြန်မာစစ်တပ်အတွင်းက တိုင်းပြည်နဲ့ နိုင်ငံကိုချစ်မြတ်နိုးသော တပ်မတော်သားတွေ အမြောက်အများဟာ ပြည်သူ့ဘက်ကို လက်တွေ့ကျကျ ပါဝင်ရပ်ခံလာစေရေးဟာ အင်မတန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်တပ်တွင် အကြမ်းဖက်စရိုက်ကို ရွံမုန်းသည့် တပ်မတော်သား စစ်စစ်များစွာ ကျန်ရှိနေသည်ဟု ခံစားနားလည်ကြောင်းလည်း ပြောကြားခဲ့သည်။

“ဒါကြောင့်တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ထားပြီး မြန်မာစစ်တပ်ထဲက တပ်မတော်သား စစ်စစ်တွေနဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဘက်ကို မျက်နှာမူပြီး အကြမ်းဖက်စစ်ကောင်စီကို ငြင်းဆန်ဖို့ ကြိုးစားပါလို့ ကျနော့်အနေနဲ့ လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။ စစ်အာဏာရှင်စနစ်တစ်ခုလုံးအမြစ်ပြတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် စစ်အာဏာရှင် ယန္တရားအောက်က တပ်မတော်သားတွေ၊ အမှုထမ်းတွေအရာထမ်းတွေ ဘက်ပြောင်းပါဝင်မှုဟာအင်မတန်အရေးကြီးကြောင်း ထပ်မံ ပြောကြားလိုပါတယ်။ ”ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့ဘက်ကို ရဲဝံ့စွာ ဘက်ပြောင်းရပ်ခံလာသည့်မြန်မာ့တပ်မတော်အတွင်းက တပ်မတော်သားများနှင့် အမှုထမ်းအရာထမ်းစစ်ဗိုလ်များကို ပြည်သူလူထုများက အချိန်မရွေး နေရာမရွေးကြိုဆိုလမ်းကမ်းနေကြရမည်ဖြစ်သည်ဟုလည်း ယာယီသမ္မတက အသိပေးသည်။

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်ဆွဲကြောင့် နိုင်ငံတဝန်း ပြည်သူများ အထွေထွေဆင်းရဲဒုက္ခကြုံခဲ့ရပြီး အသက်အိုးအိမ်စည်းစိမ် များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရ လေးနှစ်အတွင်း ပြည်သူ ၆၂၃၁ဦးသေဆုံးကာ မတရား ဖမ်းဆီးခံရသူ ၂၈၄၃၃ ဦးရှိခဲ့သည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား ပြည်သူများ၏ နေအိမ် ၁၀၃၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယာယီသမ္မတက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို အကြိမ်ကြိမ်ကျူးလွန်နေခြင်းသည် အဆိုးကြော့သံသရာလည်နေခြင်းဖြစ်ပြီး စစ်တပ်ခေါင်းဆောင် အဆက်ဆက်သည် လက်နက်အားကိုးပြီး အာဏာသိမ်းနိုင်ပါက တိုင်းပြည်၌ သေသည်အထိ ရှင်ဘုရင်လုပ်နိုင်သည်ဟု ယူဆထားသည်မှာ ထင်ရှားကြောင်းလည်း ပြောပြသည်။

“လက်နက်နဲ့အာဏာသိမ်းနိုင်ရင် အစိုးရဖြစ်ပြီလို့ ယူဆထားဟန်တူပါတယ်။ ဒီအမြင်အယူအဆ အတွေးအခေါ်တွေဟာ လက်နက်အားကိုးပြီး မင်းမူတဲ့ စစ်အာဏာရှင်တွေရဲ့ အခြေခံအမူအကျင့်နဲ့ အခြေခံ စဉ်းစားချက်ဖြစ်ကြောင်း သိသာထင်ရှားလှပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

တိုင်းပြည်နှင့်လူ့အဖွဲ့အစည်း၌ ခေတ်ဆိုးစနစ်ဆိုးများ ပယ်ဖျက်နိုင်ရေး အတွေးအခေါ်ဟောင်းများ၊ အာဏာရှင်ဓလေ့ဟောင်းများ တော်လှန်ရှင်းပစ်ရန်လိုအပ်သည်ဟု ယာယီသမ္မတက ပြောသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို သန်းနှင့်ချီသည့် ပြည်သူများက ခုခံဆန့်ကျင်ခဲ့ပြီး စစ်တပ်၏ လုပ်ရပ်ကို အလိုမရှိကြောင်း ကမ္ဘာကြီးသိစေရန် လက်တွေ့ပြသခဲ့ကြောင်း၊ ပြည်သူများ၏ အားပေးထောက်ခံမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည် စစ်ကောင်စီတပ်ကို နိုင်ငံရေးနည်း၊ ခုခံတော်လှန်စစ်နည်းဖြင့် အောင်မြင်စွာ တော်လှန်ဆန့်ကျင်ခဲ့ကြောင်း ပြောပြသည်။

လေးနှစ်အတွင်း မြန်မာ့နိုင်ငံရေးသမိုင်း၌ အကျယ်ပြန့်ဆုံး၊ အနက်ရှိုင်းဆုံးသော ခုခံတော်လှန်ရေး လှုပ်ရှားမှုများကိုဦးဆောင်ချီတက်နိုင်ခဲ့ရာ လက်ရှိတွင် တော်လှန်ရေးအင်အားစုများသည် မြို့ပေါင်း ၁၄၀ ကျော်ကို ထိန်းချုပ်ကွပ်ကဲထားနိုင်ပြီဖြစ်ကြောင်း အသိပေးသည်။ သို့သော်လည်း ခရီးဆုံးပန်းတိုင် ရောက်ခြင်းမဟုတ်သေးကြောင်း ယာယီသမ္မတက ပြောသည်။

“ကျနော်တို့ဟာ စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် ပြည်သူများ ရုန်းကန်လှုပ်ရှားနေသည်မှာ ၁၉၈၈ ခုနှစ်ကတည်းက ဖြစ်ကြောင်း ၊ ခေတ်အဆက်ဆက် စစ်အစိုးရ လက်ထက်များ၌ မတရားမှုနှင့် အနိုင်ကျင့် ဗိုလ်ကျ ချယ်လှယ်မှုများကို လူထုနည်း နိုင်ငံရေးနည်းဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း ပြည်သူများ၏ ကြံ့ကြံ့ခိုင်နိုင်မှုဖြင့် စစ်အာဏာရှင်စနစ်တော်လှန်ရေး၌ လေးနက်ကျယ်ပြန့်စွာ တွေ့ရှိရ၍ လေးနက်စွာ ဦးညွှတ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

“စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဟာ ကျနော်တို့ အစိုးရရဲ့ တော်လှန်ရေးတာဝန်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးဟာ ကျနော်တို့အစိုးရ တည်ဆောက်ရေးတာဝန်ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလုပ်ငန်းတာဝန်နှစ်ရပ်ကို ထမ်းဆောင်ရာမှာ အနည်းငယ်မျှပင် တွန့်ဆုတ်ဝေဝါးခြင်းမရှိဘဲ ပြတ်ပြတ်သားသားနဲ့ နိုင်ငံရေး သံဓိဌာန်ချပြီး ဆက်လက်လျှောက်လှမ်းဖို့ မိဘပြည်သူအပေါင်းကို အလေးအနက်ထပ်မံ ကတိပေးကြောင်း ပြောကြားလိုပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တိုင်းရင်းသား တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများဖြင့်လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအပြင် တော်လှန်သော မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့်ရှေ့ဆက်လုပ်ဆောင်နေသည်ဟု ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးခရီး၊ တည်ဆောက်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေပြီး ခက်ခဲကြမ်းတမ်းသည့် နိုင်ငံရေး၊ တော်လှန်ရေး လောကဓံများ မည်သို့ ကြုံသည်ဖြစ်စေ ပြည်သူ့ဘက်ကို မျက်နှာမူပြီး ဆက်လက်ချီတက်နေမည်ဟုလည်း ပြောကြားခဲ့သည်။

လူထုက အပ်နှင်းသည့် တော်လှန်ရေးတာဝန်များကို ကျေပွန်နိုင်စေရန်အတွက်လည်း မိမိ စွမ်းရည်ကို စဉ်ဆက်မပြတ် ဖြည့်တင်းနေသကဲ့သို့ ဝေဖန်သုံးသပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု ပြောပြသည်။

လူထု၏ အကြံပေး လမ်းညွှန်မှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက အစဉ်တစိုက်ခံယူပြီး တော်လှန်ရေးခရီးကို ရှေ့ဆက်နေသည်ဟု ပြောသည်။ ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်လုပ်ဆောင်မည်ဟု အသိပေးသည်။

“ကျနော်တို့ အမျိုးသားအစိုးရ အနေနဲ့ လူထုတော်လှန်ရေးခရီး အောင်မြင်ပေါက်မြောက်ဖို့ ကလွဲပြီး အခြားသော ဦးစားပေး လုပ်ငန်းစဉ်မရှိကြောင်းလည်း သိစေချင်ပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၌ လက်နက်နှင့် ဖိနှိပ်ရမ်းကားမှုများ ကင်းစင်ပပျောက်သွားရမည်ဆိုသည့် ယုံကြည်မှု အပါအဝင်မည်သို့သော ခွဲခြားဆက်ဆံမှုမှ အမြစ်တွယ်မလာစေရဆိုသည့် ခံယူချက်ရှိကြောင်းလည်း ယာယီသမ္မတက ပြောသည်။

လူထုသည် အဖိနှိပ်ခံဘ၀က လုံး၀ လွတ်မြောက်ရန်လိုအပ်ကြောင်း၊ လူထု၏ စိတ်ထဲ၌ သိမ်ငယ်စိတ်၊ အားငယ်စိတ် ကြောက်ရွံ့စိတ်များ မရှိရန်လိုအပ်ကြောင်း၊ လူထု၏ စိတ်လုံခြုံမှုကို အာမခံချက်ရှိရှိပေးစွမ်းနိုင်ရမည်ဟု ခံယူထားကြောင်း ယာယီသမ္မတက ပြောသည်။လူထုကြောက်ရွံ့မှုများမှ လွတ်မြောက်ရေး အားလုံး၌ တာဝန်အပြည့်ရှိသည်ဟုလည်း ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့