ရဲခေါင်/People’sSpring
ရန်ကုန်မြို့၊ ဒေါပုံမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် လူငယ်လေးဦး အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက်အစောပိုင်းက အချုပ်ခန်းသော့ ဖျက်နိုင်ခဲ့ပြီးနောက် ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးနိုင်ခြင်းမရှိသေးဟု ဆိုသည်။
“အဲဒါကြောင့် မနက်ကတည်းက စျေးတွေရော၊လမ်းမပေါ်မှာပါ ရဲတွေခြေရှုပ်နေတာ။လမ်းပေါ်တွေ့လို့ ဖမ်းထားတဲ့ကလေးတွေလို့ ပြောကြတယ်။ပြီးရင် စခတွေကစစ်ထဲ ပို့မှာပေါ့။အဲဒါသိလို့လည်း သူတို့အရဲစွန့်ထွက် ပြေးကြတာဖြစ်မယ်”ဟု ဒေါပုံမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
စစ်ကောင်စီဝါဒဖြန့်သူများ၏ ဖော်ပြချက်အရ အချုပ်ခန်းဖောက်၍ ထွက်ပြေးသွားသူများသည် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး နှင့် သူရဇော်(ခ)အောင်ရဲလင်း တို့ ဖြစ်ကြောင်း သိရသည်။
ဒေါပုံမြို့နယ်အပါအဝင် နီးစပ်ရာမြို့များရှိ ရပ်ကွက်များ၌ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှု ပိုမိုတင်းကြပ်နိုင်ကြောင်းလည်း ဒေသခံအချို့က သတိပေးထားသည်ကို တွေ့ရသည်။
ထွက်ပြေးလွတ်မြောက်ခဲ့သည့် လူငယ်များကို စစ်ကောင်စီ၏ ဖမ်းဆီးခဲ့သည့် ဖြစ်စဥ် အသေးစိတ်ကိုမူ လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီက နိုင်ငံရေးဥပဒေပုဒ်မပြစ်မှုများ ဖမ်းဆီးခံထားရသူ သုံးဦးသည် ရဲများတိုက်ခိုက်ပြီးနောက် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးလွှတ်မြောက်ခဲ့သည်။
