ဟန်နွေ/People’s Spring
စစ်ကောင်စီမှ အရပ်သားများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းသည် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသည့် နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD)က ထုတ်ပြန်သည်။
ဝါရင့်မွန်တော်လှန်ရေးတပ် မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များသည် စစ်ကောင်စီကို တိုက်ခိုက်ရန် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးဟု ဖွဲ့စည်းခဲ့ရာ ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်)တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီး တစ်နှစ်ပြည့် သဘောထား ကြေညာချက်ကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အပေါ်ကို ကျနော်တို့ တရားမျှတမှု လိုချင်ခဲ့မယ်ဆိုရင် ဒါဟာ အခြားနည်းတော့ မရှိပါဘူးခင်ဗျာ။ စစ်အာဏာရှင်ကိုတိုက်ဖျက်ရုံမှတပါး ဘာမှ လုပ်ဆောင်နိုင်စွမ်းရှိမယ်လို့ မထင်ပါဘူး။ ညှိနှိုင်းစေ့စပ်မှုလည်း ရနိုင်ကောင်းလည်း မဟုတ်ပါဘူး”ဟု NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

Public Service Announcement
ထို့ကြောင့် စစ်အာဏာရှင်ကို အပြီးပိုင်တိုက်ဖျက်ပြီး နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခု လိုသည်ဟု NMSP-ADက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဝါရင့် တော်လှန်ရေးခေါင်းဆောင်ဖြစ်သည့်ပဒိုစောသမိန်ထွန်းကလည်း စစ်ကောင်စီနှင့် စေ့စပ်ဆွေးနွေးမှုသည် အလုပ်မဖြစ်ဘဲ ထိုသို့ စေ့စပ်ဆွေးနွေးပါက စစ်တပ်နိုင်ငံရေးက မည်သည့်အခါမှ ထွက်တော့မည်မဟုတ်၍ ရုန်းကန်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။
မတရားမှုနှင့်စစ်အာဏာရှင်ကို တော်လှန်ရင်း မြင့်မြတ်စွာ အသက်သွေးချွေး ပေးလှူသွားကြသည့် ရဲဘော်ရဲဘက်များနှင့် ပြည်သူများအားလုံးကို အလေးအမြတ်ထား ဂါရဝပြုကြောင်း၊ စစ်ကောင်စီ၏ လူမဆန်သည့် အကြမ်းဖက်မှုများကြားမှ ကြံ့ကြံ့ခံကာ မပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များအား ဆက်လက်ထမ်း ဆောင်နေကြသည့် ရဲဘော်ရဲဘက်များနှင့် အဖက်ဖက်မှ ပူးပေါင်းပါဝင်နေကြသည့် ပြည်သူများအားလုံးအား အလေးအနက်ထား မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း NMSP-ADက ထုတ်ပြန်သည်။
NMSP-AD ဖွဲ့စည်းမှု တစ်နှစ်တာကာလအတွင်း စစ်ကောင်စီကျရှုံးရေးအတွက် သီးခြားသော်လည်းကောင်း၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးတွဲ၍သော်လည်းကောင်း တိုက်ပွဲဝင်လျှက် ရှိဟု အသိပေးသည်။ ထို့အပြင် ပါတီနှင့်တပ် ခိုင်မာအားကောင်းရေးအတွက်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများနှင့်ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်နိုင်ခဲ့ပြီး NMSP-AD ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး နှင့် အခြား ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက် ရှိဟု ထုတ်ပြန်သည်။
မွန်တော်လှန်ရေး အင်အားတောင့်တင်းလာမည်ကို စိုးရိမ်သည့်စစ်ကောင်စီသည် မွန်ပြည်သူနှင့် တော်လှန်ရေးအဖွဲ့ အစည်းများအကြား သွေးခွဲခြင်း၊ လက်နက်အားကိုးပြီး ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးများနှင့် လေကြောင်းများဖြင့် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် လူနေအဆောက်အအုံများကို လူမဆန်စွာ တိုက်ခိုက်နေသည့်အပြင် ပြည်သူ လူထုစားဝတ်နေရေး
အကြပ်အတည်းဖြစ်စေရန်ရည်ရွယ်ပြီး လမ်းပမ်းဆက်သွယ်ရေးများ ပိတ်ဆို့ဖြတ်တောက်ခြင်း စသည်များကို နေ့စဉ် ကျူးလွန်လျက်ရှိဟု NMSP-ADက ထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီသည် မွန်ပြည်နယ်အတွင်း လူငယ်များကိုလည်း ပစ်မှတ်ထားပြီး မတရားသည့်နည်းလမ်းဖြင့် အတင်းအကြပ် တပ်သားစုဆောင်းခြင်းများ ဆက်တိုက်လုပ် ဆောင်လာနေသည်ကို တွေ့ရှိရဟု ဖော်ပြသည်။
မွန်ပြည်သူများအနေဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေသည့် စစ်အာဏာရှင်နှင့် အပေါင်းအပါများကို အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်အား တိုက်ခိုက်ရန်အတွက် NMSP-AD နှင့် ပူးပေါင်းလက်တွဲကြရန်လည်း ဖိတ်ခေါ်သည်။
မွန်လူငယ်များအနေဖြင့် တော်လှန်ရေး အမြန်အောင်မြင်ရေးအတွက် အမျိုးသားရေးတာဝန်များကို ဝင်ရောက်ထမ်းဆောင်ကြရန် နှင့် ပြည်တွင်းပြည်ပရှိ မွန်ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအတွက် ကူညီထောက်ပံ့ခြင်း၊ နည်းပညာအထောက်အကူ ပံ့ပိုးခြင်းအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းပေးကြရန် တိုက်တွန်းထားသည်။
NMSP-AD အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် မိမိတို့ မျှော်မှန်းသည့် တန်းတူရေးနှင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပိုင်ခွင့်ရှိသည့် မွန်ပြည်ပေါ်ထွန်းရေးဟူသော နိုင်ငံရေးပန်းတိုင် မရောက်မချင်း ဘဝတူတိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ လက်တွဲကာ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မွန်တပ်တော်တစ်ခုတည်းပေါ်ထွန်းရေး၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up federalism) ချဉ်းကပ်မှုဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်ယူနစ် တည်ဆောက်ရေးများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။
မွန်ပြည်သူများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်ရှိသည့် နိုင်ငံရေးစနစ်တခု တည်ဆောက်ရန် လိုအပ်နေဟု နိုင်ကောင်းစကားက ပြောသည်။
” ကျွန်တော်တို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေဟာကျွန်တော်တို့ တောင်းဆို နေရုံနဲ့မရတော့ပါဘူး။ကျွန်တော်တို့ရဲ့ရှိနှင့်ပြီးသားကိုယ်ပိုင်ခွင့်အရေးတွေကိုကျွန်တော်တို့ ကိုယ်တိုင် လုပ်ဆောင်ရယူနိုင်မှသာလျှင်ကျွန်တော်တို့ရဲ့လိုချင်တဲ့ ပန်းတိုင်ကိုရောက်ရှိနိုင်မှာဖြစ်တယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကမွန်လူထု တွေအတွင်းမှာ ဒီစစ်အာဏာရှင်စနစ်ကို ဒီစစ်အာဏာရှင်နဲ့တကွအပေါင်းအပါတွေကိုကျွန်တော်တို့ရဲ့မွန်ပြည်သူတစ်ရပ်လုံး ဘုံရန်သူအနေနဲ့သတ်မှတ်ပြီးတော့မှကျွန်တော်တို့လူထုတစ်ရပ်လုံးပါဝင်တဲ့တစ်မျိုးသားလုံးအသွင်ဆောင်တဲ့တိုက်ပွဲကိုဖော်ဆောင်ဖို့လိုအပ်တယ်။ဖော်ဆောင်သွားရမှာဖြစ်တယ်။” ဟု နိုင်ကောင်းစကားက ပြောသည်။
(မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ ရဲဘော်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – New Mon State Party-AD)
