ဧပြီ ၁၇၊၂၀၂၅။ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ငလျင်ဘေးအကြောင်းပြ ယာယီအပစ်ရပ်မည်ဟုကြေညာထားသော်လည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေ၍ ပြည်သူလူထုများစွာ သေဆုံးနေရသည့် ဖြစ်ရပ်သည် စစ်အာဏာရှင်စနစ်၏ သဘောသဘာ၀ကို စစ်ကောင်စီကိုယ်တိုင်က သက်သေပြနေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NSMP-AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် ပြည်သူများသေဆုံးရမှုကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)က ယနေ့(ဧပြီ ၁၇ရက်) ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို စစ်ကောင်စီ လုပ်ရပ်အပေါ် မှတ်ချက်ပေးခြင်းဖြစ်သည်။
ဧပြီ ၁၅ရက် မဟာသကြႅန်အကြတ်နေ့ နေ့လယ် ၁၂နာရီခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီစံပြကျေးရွာရှိ ရာမညနိကာယမဟာဝိဟာရ ဘုန်းကြီးကျောင်းနှင့် အနီးတစ်ဝိုက်နေအိမ်များအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနီးအနားရှိအခြားကျေးရွာများအားလည်း လေယာဥ်ဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့ရာ သုံးနှစ်သားအရွယ်ကလေး (၂)ဦးနှင့် သက်ကြီးရွယ်အိုအပါအဝင် အရပ်သား (၆)ဦး သေဆုံးခဲ့ပြီး၊ အရပ်သား (၆) ဦးနှင့် သံဃာတော် (၉) ပါးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု အသိပေးသည်။

Public Service Announcement
ထို့အပြင် အရပ်သားပြည်သူအများအပြား အထူးဖြင့် သက်ကြီးရွယ်အို၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘေးလွတ်ရာသိုထွက်ပြေးတိမ်းရှောင်နေကြရဟုအသိပေးပြီး NMSP-AD အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုးသွားခဲ့ကြရသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ပူဆွေးဝမ်းနည်းရဟု ဖော်ပြသည်။
စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်မည်ဟုကြေညာထားသော်လည်း နိုင်ငံတဝန်း ဒေသအသီးသီးကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ရက္ခိုင်၊ ရှမ်းမြောက် အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ငလျင်လှုတ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်နောက်ပိုင်းတွင် ပြည်သူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
“စစ်ကောင်စီကကျတော့ ဒီ ပြည်သူလူထုတွေ ငလျင်ဘေးကြုံနေတဲ့အချိန်မှာ သူတို့က အပစ်ရပ်တယ်လို့ ထုတ်ပြန်ကြေညာတာပေါ့ဗျာ။ ဒါပေမဲ့လည်း သူတို့ ထုတ်ပြန်ပြန်ချင်းနေ့မှာ ကတည်းကိုပင် အဲဒီနေ့ကနေ ဒီကနေ့ ဆက်တိုက်ပေါ့ခင်ဗျာ နေ့စဉ် ရက်ဆက်ပဲ လူထုတွေကို လေယာဉ်နဲ့ ဗုံးကြဲပြီးတော့ လူထုတွေ မဟာသင်္ကြန်အတွင်းမှာပင် သေကြေပျက်စီးမှုတွေ အများကြီးပေါ့ခင်ဗျာ မမြင်ချင်အဆုံးပဲ”ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ယနေ့ (ဧပြီ ၁၇ရက်)တွင် ပြောသည်။
ယင်းသို့ လေကြောင်း တိုက်ခိုက်မှုဖြစ်ရပ်သည် စစ်ကောင်စီက အပြောနှင့်အလုပ် တထပ်တည်း မဖြစ်သည်ကို သက်သေပြခြင်းဖြစ်ဟု ၎င်းကဆိုသည်။
“သူများတောင်မေးစရာမလိုဘူး။ သူတို့လုပ်ရပ်နဲ့ သူတို့ အထင်အရှားကို တွေ့မြင်နေရပါတယ်။ ဒါက စစ်အာဏာရှင်စနစ်တွေရဲ့ သဘောသဘာ၀ပေါ့”ဟု နိုင်ကောင်းစကားက ပြောသည်။
မဟာသကြႅန်ကာလအတွင်း အရပ်သားပြည်သူများ သီလကုသိုလ်ယူသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အကြမ်းဖက် စစ်တပ်၏ လူသားများအပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်သည့်အပြင် ငလျင်ကြောင့် တဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည့်စစ်ကောင်စီသည် ၄င်းတို၏ကြေညာချက်ကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း NMSP-ADက ထုတ်ပြန်သည်။
လက်ရှိအချိန်ထိ ကျုံဒိုးမြိုအနီးအနားတစ်ဝိုက်ရှိကျေးရွာများကို လေယာဥ်ဖြင့်လည်းကောင်း၊ လက်နက်ကြီးများဖြင့်လည်းကောင်း အဆက်မပြတ် တိုက်ခိုက်နေကြောင်းလည်း အသိပေးသည်။
စစ်ကောင်စီသည် အများပြည်သူများသွားလာနေထိုင်ရာ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် နေအိမ်အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက် နေသာကြောင့် ကျုံဒိုးမြိုအနီးအနားရှိ မိဘပြည်သူများအပြင် အခြားဒေသများရှိ ပြည်သူများ အနေဖြင့်လည်း စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြပါရန် တိုက်တွန်းထားသည်။
လက်ရှိစစ်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့်ပြည်သူများနှင့် ပရဟိတ အဖွဲအစည်းများအား အထူးကျေးဇူတင်ကြောင်းလည်း ဖော်ပြကာ NMSP-AD ၏ လူသားစာနာမှုဌာနမှလည်း တတ်နိုင်သည့်ဘက်မှ အကူအညီပေးသွားမည်ဟု ထုတ်ပြန်သည်။
ထို့ပြင် လူသားစာနာမှုအကူအညီများအတွက် နိုင်ငံတကာအဖွဲအစည်းများနှင့် အရပ်ဖက်အဖွဲအစည်းများမှလည်း ကူညီဆောင်ရွက်ပေးရန် NMSP-AD မှ မွန်ပြည်သူလူထုများကိုယ်စား တိုက်တွန်းထားသည်။
စစ်ကောင်စီ အာဏာဆက်လက်ဆုပ်ကိုင်ထားသရွေ့ ပြည်သူလူထုများအနေဖြင့် နောက်ထပ်အလားတူဖြစ်ရပ်မျိုး ကြုံတွေ့နေကြရဦးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
ပြည်သူများ၏နေ့စဥ်ဘဝ အေးချမ်းလုံခြုံပြီး တန်းတူညီမျှမှုရှိသည့် လူ့အဖွဲအစည်းတည်ဆောက်ရန်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရှိသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် အဓိက ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ ပြုတ်ကျရေးအတွက် မွန်လူမျိုးများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြသည်။
ပြည်သူလူထုများအား အကာအကွယ်ပေးနိုင်ရေးနှင့် မွန်လူမျိုးများ၏ကြမ္မာမွန်လူမျိုးများဖန်တီးနိုင်ရေးအတွက် မွန်လူငယ်များနှင့် မွန်ပြည်သူတစ်ရပ်လုံးက NMSP-ADနှင့်အတူ ပူးပေါင်းတော်လှန်ကြရန်လည်း ဖိတ်ခေါ်ထားသည်။
