အာရက္ခတပ်တော်(AA) ၏ ထိုးစစ်ဆင်မှုနှင့်အတူ ကျောက်ဖြူမြို့အနီးအထိ တိုက်ပွဲများပြင်းထန်လာချိန်တွင် တရုတ်အစိုးရနှင့်လက်မှတ်ထိုးထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အောင်မြင်အောင်ဆောင်ရွက်ရန်၊ စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
မတ်လ ၁၁ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး၌ ပြောခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည်စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါပြီး နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်၍အောင်မြင်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၎င်းကဆိုသည်။

Public Service Announcement
“စစ်ကောင်စီနဲ့တရုတ်ထိုးထားတဲ့သက်တမ်းတိုးစာချုပ်က ပြည့်တော့မယ်။ သူတို့တိုးတက်အောင်မလုပ်နိုင်ဘူး။ ဒါကြောင့် လောနေတာ။ စီမံကိန်းတာဝန်ခံတွေတောင် ထွက်ပြေးနေရတာ ဘယ်လို လုပ်နိုင်မှာလဲ”ဟုကျောက်ဖြူမြိုခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ဦးသိန်းစိန် လက်ထက်က တရုတ်အစိုးကအလိုကျ ချုပ်ဆိုခဲ့သော ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)လက်ထက် ၂၀၁၈ တွင် ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက်စာချုပ်မှာ ရင်းနှီးမြုပ်နှံမှုပမာဏကို ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံဖြင့် စတင်မည်ဖြစ်ပြီးစီမံကိန်းရဲ့ ၈၅ ရာခိုင်နှုန်းကို တရုတ်ကပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဘက်မှ ၁၅ ရာခိုင်နှုန်းကိုသာပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ခံအရပ်သားအစိုးရ NLD လက်ထက်တွင်စီမံကိန်းအတွက်ရှယ်ယာခွဲဝေပိုင်ဆိုင်မှုကို တရုတ်နိုင်ငံ CITIC ဘက်က ၇၀ ရာခိုင်နှုန်း နှင့် မြန်မာဘက်က၃၀ ရာခိုင်နှုန်းသို့ပြင်ဆင်ချုပ်ဆိုခဲ့ဖြစ်သည်။
တရုတ်၏ အကြွေးထောင်ချောက်မမိစေရန် စီမံကိန်း၏ ပထမအဆင့်တွင် မြန်မာဘက်ကရင်းနှီးမြုပ်နှံမှုတန်ဖိုး ဒေါ်လာက ၁ ဒသမ ၃ ဘီလီယံဖြင့်သာစတင်ရန် ငွေပမာဏလျော့ချခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီမံကိန်းဆက်မလုပ်နိင်တော့သော်လည်း နောက်ဆက်တွဲစာချုပ်ကိ၂၀၂၃ခုနှစ်ဒီဇင်ဘာလ ၂၆ရက်တွင် စစ်ကောင်စီက သက်တမ်းတိုးချုပ်ဆိုခဲ့သည်။၂၀၂၅ ခုနှစ်ဇွန်လ ၂၅ရက်တွင် သက်တမ်းတိုးကာလပြည့်မည်ဖြစ်သည်။ လုပ်ငန်းတွေပြီးပြတ်အောင် မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များကို အကောင်အထည်ဖော်ရန် စစ်ကောင်စီဒုတိယခေါင်းဆောင်ပြောသွားသည်။
ထို့အပြင်ပထဝီနိုင်ငံရေးအခြေအနေအရ နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော်ရာတွင် စီးပွားရေးရှုထောင့်တစ်ခုတည်း မကြည့်ဘဲနိုင်ငံရေးအနေဖြင့်လည်း ထည့်သွင်းစဉ်းစားသွားကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ရှိအကောင်အ ထည်ဖော် ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်တွင် အကောင်အထည်ပေါ်လာမည့် ကျောက်ဖြူ နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များကို နိုင်ငံရေးနှင့်ယှဉ်တွဲ၍ နိုင်ငံရေးနှင့် စီးပွားရေးပေါင်းစပ်ကာ ဆောင်ရွက်ကြရန် ဟုလည်း အာဏာသိမ်းဒုခေါင်းဆောင်ကဆိုသည်။
“လုပ်ငန်းတွေ အမြန်ဆုံးပြီးပြတ်အောင်လုပ်ဖို့တွန်းသွားတာ။ တရုတ်ကို မျက်နှာရမလားလို့ လျှောက်ပြောနေတာ။ မရေမရာကိစ္စပါ”ဟု ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်ကပြောသည်။
ကျောက်ဖြူမြို့အနီး ၅မိုင်ခန့်အကွာတွင် တိုက်ပွဲများပြင်းထန်နေပြီး AAက ဓညဝတီရေတပ်ဌာနချုပ်အနီး ကင်းစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်းကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၆ရက် နံနက်ပိုင်းတွင်မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုနေ့က စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာများအား ရှောင်ကွင်း၍ AAက စစ်ရေးဖော်ဆောင်နေသလို ထိုးစစ်ကိုရပ်တန့်လိမ့်မည်မဟုတ်ကြောင်း တိုင်းရင်းသားအရေးကျွမ်းကျင်သူတစ်ဦးကသုံးသပ်ပြောကြားသည်။
ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကတရုတ်အစိုးရကို ဒေါသထွက်စေနိုင်သလို လက်ရှိကျောက်ဖြူအခြေအနေသည် တရုတ်အစိုးရအနေဖြင့် AAနှင့် ဆွေးနွေးညှိနှိုင်းရန်လိုအပ်နေပြီဟု တိုက်တွန်းမှုများရှိနေသည်။
တိုက်ပွဲသည် ဦးကင်းရွာအပြင် ကြတ်တိန်၊ထောင့်စည်မော်၊ကုလဘာတောင်ကျေးရွာတို့တွင်လည်းဖြစ်ပွားနေပြီး AA၏ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲသည် ပိုမိုပြင်းထန်လာကြောင်းဒေသခံများကပြောသည်။ အဆိုပါရွာများမှဒေသခံများသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစ၍ ကျောက်ဖြူမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် တိမ်းရှောင်နေကြသည်။
ကျောက်ဖြူမြို့တွင် တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။
အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာများတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်းမြို့ခံအချို့ကပြောသည်။
