Connect with us

Hi, what are you looking for?

သတင်း

မုဒိမ်းမှုကို အား​ပေးသလို​ပြောတဲ့ ဇာတ်လမ်းတွဲပြည်သူ​တွေပြင်းပြင်းထန်ထန်ဝေဖန်

စစ်ကောင်စီလက်အောက်ခံ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Happy Hotel (ပျော်ရွှင်စရာဟိုတယ်)ဇာတ်လမ်းတွဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ပြောထားတဲ့ မုဒိမ်းမှုကို အား​ပေးတဲ့စကားကြောင့် ဝေဖန်မှုပြင်းပြင်းထန်ထန်ခံနေရပါတယ်။

ဆဏ်း / People’s Spring

စစ်ကောင်စီလက်အောက်ခံ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Happy Hotel (ပျော်ရွှင်စရာဟိုတယ်)ဇာတ်လမ်းတွဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ပြောထားတဲ့ မုဒိမ်းမှုကို အား​ပေးတဲ့စကားကြောင့် ဝေဖန်မှုပြင်းပြင်းထန်ထန်ခံနေရပါတယ်။

“မင်းစိတ်ထဲမှာ အခုကစပြီး ဖဲရိုက်တာတွေ အလစ်သုတ်တာတွေ ဘိန်းရှုတာတွေ ခါးပိုက်နှိုက်တာတွေ ကုန်ကုန်ပြောရရင် မုဒိန်းကျင့်တာတွေကအစ မင်းအမြဲတမ်း စိတ်ကူးယဉ်နေရမယ်” လို့ ပြောခဲ့တဲ့ ​ပြောစကားအပေါ် ဝေဖန်‌ နေတာဖြစ်ပါတယ်။

ယောက်ျားလေးစိတ်ပေါက်နေ တဲ့ အမျိုးသမီးကို ယောက်ျားပုံစံနေထိုင်ဖို့အကြံပြုတဲ့အ‌နေနဲ့ အထက်ပါစကားကို ပြောခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီဇာတ်ဝင်ခန်းက ပျော်ရွှင်စရာဟိုတယ်ဇာတ်လမ်းတွဲရဲ့ အပိုင်း ၇ မှာပါဝင်တာဖြစ်ပြီးအဲဒီ့အပိုင်းတစ်ခုလုံးမှာ ရွံစရာကောင်းတဲ့စကားတွေကိုသုံးသွားတယ်လို့ပရိသတ်တစ်ဦးကမှတ်ချက်ပေးပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ မောင်သီ က ထုတ်လုပ်သူ အနေဖြင့် တာဝန်ယူထားပြီး ဒါရိုက်တာ ဝင်းထွဋ်ဦး နဲ့ သက်လွင်အောင်တို့က ရိုက်ကူးထားတယ်လို့ သိရပါတယ်။

“ယောကျာ်းလေးစိတ်ဆိုတာ တာဝန်ယူမှု၊တာဝန်ခံမှုကစလို့ တခြားမီးမောင်းထိုးပြစရာ တန်ဖိုးတွေမှအများကြီးပဲ။ အခုလို မကောင်းတာတွေချည်း သင်ယူမှ ယောကျာ်း‌‌စိတ်ဖြစ်မှာဆိုတာက တော်တော်ကြီးကို အတွေးအ‌ခေါ် နိမ့်ကျတာ‌နော်။ ယောကျာ်းလေးတွေရဲ့ ဖြစ်တည်မှု ၊စိတ်ဓာတ်ကို နှိမ့်ချစော်ကားထားသလိုပဲ။ နင်တို့ကို ပြည်သူက ပေါလောကလို့ပြောရင် မနာနဲ့။နင်တို့ခေါင်းထဲမှာက အဲ့လိုပေါချာချာအတွေးတွေနဲ့ တင်ဆက်လာတဲ့ ပေါချာချာအနုပညာတွေပဲ ရှိတာမို့” လို့ပြည်သူတဦးက ​ဖေစ်ဘွခ်မှာ မှတ်ချက်ပြုထားပါတယ် ။

အခြားပြည်သူတဦးကလည်း “အဆိပ်အတောက် အတွေးအခေါ်တွေ လူထုကြား စိမ့်ဝင်နေကြတာ ကြောက်စရာ” လို့ ​ပြောပါတယ် ။

“အဆင့်မရှိတဲ့ ခါးအောက်ပိုင်း ဟာသတွေ၊ မောင်နှမ.. သားအမိကြည့်ဖို့ အဆင်မပြေတဲ့ ဟာသတွေ နဲ့ ကလိထိုးရယ်ရတဲ့ လုပ်ဟာသတွေ ပေါပေါများများ ထည့်ထားတဲ့ အညှီအဟောက် ဇာတ်လမ်းတွဲကြီးပါ”လို့ပရိတ်သတ်တဦးကသူ့အမြင်ကို​ပြောပါတယ် ။

အခုနောက်ပိုင်းမှာ စစ်​ကောင်စီက ရုပ်ရှင်ဆင်ဆာနဲ့ပတ်သက်ပြီး တင်းကျပ်လာတယ်ဆိုပေမယ့် ဒီလို အသုံးအနှုန်းကို ခွင့်ပြုတဲ့အပေါ်မှာလည်း ပရိသတ်တွေက မေးခွန်းထုတ်ထားပါတယ်။

“ငါအံ့ဩတာက သူတို့ထဲက တစ်ယောက်တစ်လေကတောင် ရိုက်ကွင်းမှာဖြစ်ဖြစ် တည်းဖြတ်တုန်းကဖြစ်ဖြစ် ဒါကြီးကမဟုတ်သေးဘူးထင်တယ်လို့ မထောက်ပြကြဘူးလား မသိဘူး။” ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

ပြည်သူတဦးကလည်း “စကစလက်ထက်ထွက်တာ ဒီအဆင့်ပဲရှိမှာပေါ့။ဖက်ခွက်စားတွေကပြောလိုက်ရင်အနုပညာကိုပါးစပ်ကမချဘူး လုပ်ရပ်တွေကတော့ အနုပညာကိုအဆုံးထိဆွဲချတာပဲ”လို့​မှတ်ချက်ပြုပါတယ် ။

MRTV-4 ရုပ်သံလိုင်းက အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ နှစ်ပတ်လည်ကားတွေကိုလည်း ပံ့ပိုးရိုက်ကူးပေးနေတဲ့ ကုမ္ပဏီပါ။

၂၀၂၄ အတွက် အကယ်ဒမီပေးပွဲမှာလည်း MRTV-4 ကထုတ်လုပ်တဲ့ “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် “ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်‌ဆုရရှိခဲ့ပါတယ်။

အထက်ပါ ဝေဖန်မှုတွေနဲပတ်သက်ပြီး MRTV-4 အပါအဝင် ထုတ်လုပ်သူ ဒါရိုက်တာတွေက တာဝနခခံပြီးတောင်းပန်တာမျိုးကိုတော့ အခုချိန်အထိမတွေ့ရသေးပါဘူး။

ဝေဖန်မှုခံနေရတဲ့အပိုင်း ၇ ကိုတော့ သူတို့ရဲ့ You Tube Channel ကနေ ဖြုတ်ချထားပါတယ်။

အာဏာသိမ်းစစ်​ကောင်စီလက်ထက်မှာ ရုပ်ရှင်၊ဗီဒီယို ​ဖျော်​ဖြေ​ရေးလုပ်ငန်း​တွေကို အာဏာသိမ်း​ခေါင်း​ဆောင်သမီး ခင်သီရိသက်မွန် နဲ့ အ​ပေါင်းအပါ​တွေက ထိန်းချုပ်ပြီး ပြည်သူ​တွေကို ​တော်လှန်​ရေး ၊နိုင်ငံ​ရေးဘက် စိတ်မဝင်စား​အောင် အာရုံ​ပြောင်းဖို့၊ နိုင်ငံဟာ ပုံမှန်ဖြစ်​နေသ​ယောင် အာရုံလွှဲဖို့ အတွက်အဓိက လုပ်ကိုင်​နေတာလို့ နာမည်ကြီး အနုပညာရှင်တစ်ဦးက​ပြောထားပါတယ် ။ ဒါ​ကြောင့် ​တော်လှန်​ရေး နိုင်ငံ​ရေး နဲ့ မသက်ဆိုင်ရင် ပြီး​ရော ကျန်တာ​တွေထင်သလိုလုပ်ခွင့်ပြုသလို ၊ကျပ်သိန်း​ထောင်ချီကုန်ကျတဲ့ ရုပ်သံဇတ်လမ်းတွဲ​တွေကိုလည်း စစ်တပ်နဲ့ပတ်သက်သူ​တွေက နိုင်ငံ​ရေးရည်ချက်အတွက် ​ငွေထုတ်​ပေးပြီး ရိုက်ခိုင်းတာကများတယ်လို့ သူက​ပြောပါတယ်။

တဖက်မှာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တီထွင်ဖန်တီးမှူ အား​ကောင်းတဲ့ ပြည်ပနိုင်ငံ​တွေမှာ ရုပ်ရှင်ပညာစနစ်တကျသင်ယူလာတဲ့ ၊ ပြည်သူ​တွေအ​ပေါ်​စေတနာမှန်ပြီးခံယူချက်​ကောင်းတဲ့ ထုတ်လုပ်သူ​တွေလုပ်သူ​တွေ ၊သရုပ်​ဆောင်​တွေ စတဲ့အနုပညာရှင်​တွေ ဟာစစ်တပ်ကို ဆန့်ကျင်​တော်လှန်ပြီး ​​၊​တော်လှန်​ရေးမှာပါဝင်​နေကြတာ​ကြောင့် ပြည်တွင်းမှာ တီထွင်ဖန်တီးမှူ​ကောင်းတဲ့ ရုပ်ရှင် ၊ဗီဒီယိုဇာတ်လမ်း​တွေ၊ အဆင့်မီ အနုပညာထုတ်ကုန်​တွေမဖန်တီးနိုင်ကြ​တော့ပဲ ကြာ​လေ ပိုညံ့​လေဖြစ်လာ​နေကြတယ်လို့အနုပညာရှင်အချို့ နဲ့ ပရိတ်သတ်အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ