စစ်ကောင်စီ လက်အောက်ခံအဖြစ်အသုံးချခံနေရသည့် ပြည်သူ့စစ်အဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)အနေဖြင့် စစ်အုပ်စု၏အသုံးချခံပြည်သူ့စစ်အဖြစ်မှ အမြန်ရုန်းထွက်ပြီး တော်လှန်ရေးတွင်ပါဝင်ရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)တို့က ထပ်မံ တိုက်တွန်းလိုက်သည်။
PNFCနှင့် PNLOတို့က ယနေ့ (မတ်လ ၁၃ရက်) တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ပြီး ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
PNO/PNAက စစ်ကောင်စီ၏ အမာခံလက်ကိုင်တုတ်အဖြစ် အသုံးချခံနေလေလေ အခြားတိုင်းရင်းသားညီအစ်ကို မောင်နှမများက ပအိုဝ်းပြည်သူများအား အထင်အမြင်လွဲမှားကာ အမုန်းပွားလေလေဖြစ်နေလျက်ရှိဟု ကြေညာချက် ထုတ်ပြန်သတိပေးသည်။

Public Service Announcement
ပအိုဝ်းလူငယ်များအပါအဝင် ပအိုဝ်းပြည်သူများကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်တွင် လူသားဒိုင်းများအဖြစ် အသုံးချခံနေရလေလေ PNO/PNA အပေါ် ပအိုဝ်းပြည်သူများက နာကျည်းခံပြင်းဒေါသထွက်လေလေဖြစ်နေကြောင်း ဖော်ပြသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒဆန့်ကျင်တိုက်ဖျက်ရေးမူကို အခြေခံဖွဲ့စည်းခဲ့သော PNO/PNAသည် စစ်အုပ်စု၏ အသုံးချခံ လက်ဝေခံပြည်သူ့စစ်ဘဝမှ အမြန်ဆုံးရုန်းထွက်ပြီး ပအိုဝ်းအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် ပြန်လည်ပူးပေါင်းဆင်နွှဲပါရန် အလေးအနက်ထပ်မံတိုက်တွန်း တောင်းဆိုကြောင်း PNFCနှင့် PNLOတို့က ကြေညာခဲ့သည်။
ယနေ့နံနက်က PNFCနှင့် PNLO တို့ ပူးတွဲကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်အမှာစကား ပြောကြားခဲ့ရာ နွေဦးတော်လှန်ရေး၌ပါဝင်နေသည့် ပအိုဝ်းတော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ထည့်သွင်းပြောကြားသည်။
တဖက်တွင် စစ်ကောင်စီနှင့် ဆက်ဆံရေးအခိုင်အမာရှိနေသည့် ပအိုဝ်းအမျိုးသား ခေါင်းဆောင်အချို့ ရှိနေသည်ဟုလည်း ယာယီသမ္မတက ပြောကြားသည်။
” ဒါကြောင့် ဘာသာရေးကိုင်းရှိုင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ပအိုဝ်းလူထုအများစုဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် အသုံးချခံနေသလို ဖြစ်တာကို တွေ့ရတာ အင်မတန်ကို စိတ်မကောင်းဖြစ်ရပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
ပအိုဝ်းလူမျိုးများကို စစ်ကောင်စီ၏ အသုံးချခံအဖြစ်က ရုန်းထွက်နိုင်ရေး ယခုထက်ပိုကြိုးစားရန်လိုအပ်ကြောင်း ပြောသည်။
” အခုဆိုရင် စစ်ကောင်စီဘက်က ပြုန်းတီးသွားတဲ့ အင်အားတွေကို ပြန်လည်ဖြည့်ဆည်းပေးရေးအတွက် ပအိုဝ်းလူမျိုးတွေကို ရွာအလိုက် စစ်အင်အားစုဆောင်း ပေးနေတဲ့ စစ်ကောင်စီ လက်ဝေခံ ပအိုဝ်းခေါင်းဆောင်အချို့ရဲ့ လုပ်ရပ်ကို နိုင်ငံရေးအရ ကန့်ကွက်ရှုံ့ချကြရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတကပြောကြားသည်။
ယနေ့ လူထုနွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ဆိုးကို လုံးဝလက်မခံတော့သော ပအိုဝ်းအပါအဝင်ပြည်သူ လူထုတစ်ရပ်လုံးနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ပြင်းပြင်းထန်ထန်ကျင့်သုံးနေသောစစ်အုပ်စုအကြား တိုက်ပွဲဖြစ်ကြောင်း PNFCနှင့် PNLOတို့၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် စစ်အာဏာရှင် စနစ်ဆိုးအကြား ပဋိပက္ခဖြစ်ကြောင်း၊ ပအိုဝ်းအချင်းချင်းအကြား တွင်ဖြစ်စေ၊ ပအိုဝ်းနှင့်အခြားညီနောင်တိုင်းရင်းသားများအကြားတွင်ဖြစ်စေ ဖြစ်ပွားနေသော ပဋိပက္ခတိုက်ပွဲမဟုတ်ကြောင်း အသိပေးသည်။
ပအိုဝ်းအမျိုးသားညီညွတ်ရေးလည်း ပြိုကွဲနေခြင်းမရှိဘဲ ပအိုဝ်းအမျိုးသားအင်အားစုများအကြား မညီမညွတ် ဖြစ်စေရေးအတွက် စစ်အုပ်စု၏အမျိုးမျိုးသော သွေးခွဲ သပ်လျှို ရန်တိုက် ဖြိုခွဲမှုများနှင့်သာ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း PNFCနှင့် PNLOတို့က ထုတ်ပြန်သည်။
စစ်ခရိုနီနေဝင်းထွန်းအပါအဝင် စစ်အုပ်စုက ၎င်းတို့၏ကိုယ်ကျိုးစီးပွားများကိုကာကွယ်ရေး၊ ၎င်းတို့ကျူးလွန်ထား သောစစ်ရာဇဝတ်မှုများကို ဖုံးကွယ်ဖျောက်ဖျက်ရေး၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးတို့အတွက် ပအိုဝ်း ပြည်သူများအား လူသားဒိုင်းများနှင့်လက်ကိုင်တုတ်များအဖြစ် အသုံးချလျက်ရှိနေရာ ပအိုဝ်းအချင်းချင်းကြားတွင် လည်းကောင်း၊ ပအိုဝ်းနှင့်ကရင်နီအပါအဝင် အခြားညီနောင်တိုင်းရင်းသားများအကြားတွင်လည်းကောင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို နည်းမျိုးစုံဖြင့် ဖန်တီးရန်တိုက်ပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။
ထို့ကြောင့် စစ်ကျွန်အဖြစ်နွံနစ်မခံလိုသူ ပအိုဝ်းပြည်သူများအနေဖြင့် စစ်ခရိုနီများနှင့်စစ်အာဏာရှင်များ၏ နည်းမျိုးစုံဖြင့် အသုံးချခံနေရခြင်းဘဝမှ သတိကြီးစွာထား၍ရှောင် ရှားရုန်းထွက်ဆန့်ကျင်တော်လှန်ကြပါရန် တိုက်တွန်းထားသည်။
PNFC နှင့် PNLO/PNLAတို့အနေဖြင့်လည်း ပအိုဝ်း ပြည်သူများနှင့်အတူ ပအိုဝ်းအမျိုးသားရေးရည်မှန်းချက်များ အောင်မြင်ပြီးပြည့်စုံရေးအတွက် ခိုင်ခိုင်မာမာလက်တွဲရပ်တည်၍ ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
