ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုတွင် ကယန်းပြည်သစ်တပ်မတော်တွင် တာဝန်အပြည့်အဝရှိပြီး ကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော် တိုင်းစစ်ဌာနက ယနေ့ (မတ်လ ၁၃ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၃ရက် နေ့လည် (၁)နာရီတွင် နေပြည်တော်တိုင်းစစ်ဌာန၏ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကိုအား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန် ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားမှ လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
ကယန်းပြည်သစ်တပ်မတော်ဘက်သို့ နေပြည်တော်တိုင်းစစ်ဌာနမှ ၎င်းဖြစ်စဉ်အပေါ်တွင် အခြေအနေအကြောင်းအရင်းသိရှိရန် မတ်လ ၇ရက်တွင် စာထုတ်၍အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိဟု ဖော်ပြသည်။

Public Service Announcement
ကြားကာလအချိန်များတွင်လည်း ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက် တွေ့ဆုံဆွေးနွေးရန်ကြိုးစားခဲ့သော်လည်း ဗဟိုကော်မတီများမှ တွေ့ဆုံဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း အသိပေးသည်။
ယနေ့(မတ်လ ၁၃ရက်)တွင် နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ် တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ တော်လှန်ရေးဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ် သည့် ရဲဘော်ကိုစိုင်း၏ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ရဟု သိရသည်။
ထို့ကြောင့် ရဲဘော်ကိုစိုင်း၏ ဖြစ်စဉ်အပေါ်တွင် ကယန်းပြည်သစ်တပ်မတော် မှ တာဝန်အပြည့်ရှိကြောင်းနှင့် ဦးဆောင်စေခိုင်း ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ထို့အပြင် ၃ရက်အတွင်း ဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်၊အမိန့်ပေးစေခိုင်းသူနှင့် ကျူးလွန်သူအားလုံးကို ထိရောက် ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်နှင့်တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးရန် တောင်းဆိုတိုက်တွန်းထားသည်။
“ဟိုးတော်လှန်ရေးစကတည်းက ကိုကြီးစိုင်းကျွန်တော်တို့ နေပြည်တော်PDFစဖွဲ့ကတည်းကလူငယ်တွေနဲ့အတူ တစ်သားတည်း တောထဲမှာပင်ပန်းဆင်းရဲမှု့များစွာအတူဖြတ်သန်းခဲ့တဲ့အကိုတစ်ယောက်။ကျွန်တော်တို့ နေပြည်တော်PDFရဲ့ရဲဘော်ဟောင်းတွေရဲ့ဆရာသမားတစ်ဦးဆိုလည်း ဟုတ်ပါတယ်။ တကယ့်ကိုတော်လှန်ရေးသမားစစ်စစ်တစ်ယောက်ပါ။အရမ်းနှမြောတယ်။ကိုစိုင်းက အဖွဲ့အစည်းတစ်ခုရဲ့သတ်ပစ်ခြင်းခံရတာဘာအတွက်ကြောင့်လည်း”ဟု အသတ်ခံရသည့် ကိုစိုင်းနှင့် နီးစပ်သူက ပြောသည်။
လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ်အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ် တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည် တော်တိုင်းစစ်ဌာန၏ ပျဉ်းမနားစစ်ကြောင်းမှူးရဲဘော်ကိုစိုင်း သတ်ဖြတ်ခံရသည့် ထုတ်ပြန်စာနှင့် ပတ်သက်၍ ကယန်းပြည်သစ်ပါတီနှင့် တပ်မတော်ဘက်သို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဆီးဘူးရွာတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ခန့်ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားသည်။
လက်ရှိအချိန်ထိ ကရင်နီတော်လှန်ရေးအင်အားစုများနှင့် အတိအလင်း ပူးပေါင်းခြင်းမရှိသလို အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်းလည်း မတွေ့ရသေးပေ။
