ကဖေး/People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်အနည်းငယ်က တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ စခန်းမှူးအပါအတင် ၅ဦးသေဆုံးပြီး သုံ့ပန်း၂ဦး ဖမ်းမိထားကြောင်း သတင်းရရှိသည်။
ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးအားကောင်းရာ မြောက်ခရမ်းကျေးရွာကို မတ်လ ၄ရက်တွင် အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း၊ မတ်လ ၇ရက်၊၈ရက်နှင့် ၉ရက်တွင် ဂန့်ဂေါမြို့နယ် မြစ်သာဆည်၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ရာ စခန်းမှူးတစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးနှင့် ပျူစောထီး လေးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(မတ်လ ၁၈ရက်) သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် မတ်လ ၁၆ရက်တွင် ထွက်ပြေးလာရာ ဖမ်းမိထားပြီး MA -11 သေနတ် ၁လက်နှင့် ကျည်အနည်းငယ် သိမ်းဆည်းရမိခဲ့သည်ဟု မြိုင်ပကဖက ထုတ်ပြန်ထားသည်။ ယင်းစစ်ဆင်ရေးများကို မြိုင် ပကဖ၊ဂန့်ဂေါမြို့နယ်တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖ၊ ပေါက်၊မြိုင်၊ကမ္မ ဒရုန်းတပ်ဖွဲ့တို့ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
မတ်လ ၁၇ရက်တွင် မြစ်သာဆည်အနီးရှိ ကျေးရွာများသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်း မြိုင်ပကဖက တာဝန်ရှိသူတစ်ဦးက ပြောသည်။
” တိုက်ခိုက်မှုတွေကို မဟာမိတ်တွေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိပြီး ဗုံးခိုကျင်းသေချာစနစ်တကျတူထားဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။
