မတ်-၂၂၊၂၀၂၅။ရဲခေါင်/People’s Spring
မြန်မာစစ်တပ်ကို ကူညီပံ့ပိုးနေသည့် အခြေအနေများအားလုံးကိုရပ်ဆိုင်ရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ဆုံးဖြတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။
မတ်လ ၁၀ ရက် မှ ၂၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သော ILO ၏(၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ဆွေးနွေးမှုတွင် စစ်ကောင်စီကိုကူညီပံ့ပိုးနေမှုများကိုရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီအပေါ် အရေးယူမည့်ဆုံးဖြတ်ချက်များကို ဇွန်လ ၂၅ ရက်တွင် ကျင်းပမည့် ILO ၏ ညီလာခံ၌ မဲခွဲဆုံးဖြတ်အတည်ပြုမည်ဖြစ်သည်။

Public Service Announcement
“စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်အစိုးရချင်းအကူအညီပေးတာပဲ ဖြစ်ဖြစ် ဒါတွေဟာ စစ်တပ်ကိုသွားပြီး အကူ အညီပံ့ပိုးနေတဲ့ အခြေအနေမျိုးမှာရှိတယ်ဆိုရင် ဒါတွေအားလုံးကိုရပ်ဆိုင်ဖို့ပြောထားပါတယ်”ဟု ဒေါ်ခိုင်ဇာအောင်က ILO ၏ ဆုံးဖြတ်ချက်ကို ရှင်းပြသည်။
ပြည်ပစီးပွားရေးနှင့် အကူအညီများရပ်ဆိုင်ခံရပါက နိုင်ငံခြားငွေ စစ်အသုံးစရိတ်ရှာဖွေရသည့် စစ်ကောင်စီကိုအကြပ်အတည်း ဖြစ်လာစေမည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ILO ၏ အဆိုပြုဆုံးဖြတ်မှုတွင် စစ်မှုထမ်းဥပဒေအရသော်လည်ကောင်း၊စစ်ကောင်စီ၏ ဖမ်းဆီးခံရမည့် အခြေအနေမှ လွတ်မြောက်ရန်သော်လည်း ကောင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာလာသူများကို မြန်မာနိုင်ငံသို့ပြန်မပို့ရေး ဆိုသည့်အချက်လည်း ပါဝင်သည်။
ILO ၏ ဆုံးဖြတ်ချက်သည် ၎င်း၏အဖွဲ့ဝင် နိုင်ငံအစိုးရအားလုံးနှင့်သက်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ မဲပေးခွင့်ရှိသော ကိုယ်စားလှယ်များမှ ညီလာခံ၌ အတည်ပြုရမည် ဖြစ်သည်။
“ဆုံးဖြတ်ချက်တွေကို ဘယ်လိုအခြေအနေမျိုးကနေကန့်ကွက်လာနိုင်လဲဆိုရင်တော့ ILOမှာက ဗီတိုအာဏာမရှိပါဘူး။UN (ကုလသမဂ္ဂ)မှာလိုမျိုး တရုတ်က ဗီ တိုအာဏာနဲ့ပယ်ချတာ။ရုရှားက ဗီတိုအာဏာနဲ့ပယ်ချတာမျိုးတွေ မရှိပါဘူး”ဟု CTUM ဗဟိုအလုပ်မှုဆောင်က ပြောသည်။
ILO ၏ စစ်ကောင်စီအပေါ် အရေးယူမည့် အတည်ပြုချက်မတိုင်ခင်အထိ စစ်ကောင်စီ၏ ချိုးဖောက်၊ကျူး လွန်မှုများကို ဆက်လက်တင်ပြရန်လိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နှင့် အမျိုး သားညီညွတ်ရေးအစိုးရ NUG အလုပ်သမား ရေးဝန်ကြီးဌာနထံပေးပို့ရန်လည်း တိုက်တွန်းထား သည်။
အဓမ္မစစ်မှုထမ်းခိုင်းခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ ILO က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစ၍အရေးယူရန် ကြိုးပမ်းခဲ့သည်။
လွန်ခဲ့သော ၂၄ နှစ်က နအဖ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူခဲ့ပြီး အကြမ်းဖက်စစ်တပ်အဖြစ် သတ် မှတ်ကာ စီးပွားရေးအလုံးစုံပိတ်ဆို့ခဲ့ဖူးသည်။


















































