ကုလသမဂ္ဂ (UN) အတွင်းရေးမှူးချုပ်က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီယန် ဘိရှော့ဟာ အကျိုးစီးပွားရေးရာ အရှုပ်အထွေး အခြေအနေတွေအတွက် စွပ်စွဲ ခံနေရပြီး အဲဒီ ပြဿနာက မြန်မာ့ လူ့အခွင့်အရေး မစ်ရှင်တွေအတွက်သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်ပါတယ်။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဘိရှော့ရဲ့အရှုပ်အထွေးတွေဟာသူ့ရဲ့အကြံပေးလုပ်ငန်းဖြစ်တဲ့ Julie Bishop & Partners ကို အကြောင်းပြုပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဩစတြေးလျ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Energy Transition Minerals (ETM)က ဂရင်းလန်မှာရှိနေတဲ့ လုပ်ငန်းရပ်နားထားရတဲ့ ယူရေနီယမ် တူးဖော်ရေး ပရောဂျက် တစ်ခုနဲ့ ပတ်သက်လို့ ဘိရှော့ရဲ့ ကုမ္ပဏီကို အကြံပေးအဖြစ်ငှားရမ်းခန့်အပ်ခဲ့ပါတယ်။ အဲဒီအတွက် ဘိရှော့ရဲ့ ကုမ္ပဏီက ETMကို မဟာဗျူဟာအကြံပြုချက်တွေ၊ ဆက်နွှယ် ပတ်သက်သူတွေအတွက် ကိုယ်စားဆွေးနွေးပေးတာတွေ၊ အစိုးရနဲ့ ဆက်ဆံရေး ကဏ္ဍတွေမှာ အကူအညီ ပေးခဲ့ပါတယ်။
ETM ကဘိရှော့ရဲ့ကုမ္ပဏီနဲ့လက်တွဲအလုပ်လုပ်နေတယ် ဆိုတာကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပြီး အဲဒီ လုပ်ငန်းတွေထဲမှာ ဘိရှော့ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်နေတယ် ဆိုတာကိုတော့ မတ်လ ၈ ရက်နေ့မှာ The Saturday Paper သတင်းစာက ထုတ်ဖော် ရေးသားခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ မြန်မာ့အရေး သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Justice for Myanmar (JFM) ဘိရှော့နဲ့ ETM ဆက်စပ်မှုကို ရှုတ်ချခဲ့ပြီး အကျိုးစီးပွားဆိုင်ရာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန် ထောက်ပြခဲ့ပါတယ်။ အဓိက စိုးရိမ်ရတဲ့ အချက်က ETMဟာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ အိမ်နီးချင်း စူပါပါဝါ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီ တစ်ခုနဲ့ စီးပွားရေး မိတ်ဖက် ဖြစ်နေခြင်းပါ။

Public Service Announcement
ETMရဲ့ မိတ်ဖက် Shenghe Resourcesဟာ တရုတ် အစိုးရရဲ့ အလွှာအသီးသီးနဲ့ ပေါင်းကူးဆက်နွှယ်မှုတွေ ထဲထဲဝင်ဝင် ရှိနေပြီး ယူရေနီယမ် ပရောဂျက် တော်တော်များများကို ချုပ်ကိုင်ထားတယ်လို့ The Saturday Paperက ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ တုန်းက ETMဟာ Shengheနဲ့ တရုတ် အစိုးရပိုင် တရုတ်အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း (CNNC)နဲ့ပါ အတူပူးပေါင်းပြီး တရုတ်မှာ မြေရှားသတ္တု (REM) တူးဖော်ရေး အစီအမံတွေအတွက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက CNNCဟာ ကွန်မြူနစ် တရုတ်စစ်တပ် ကုမ္ပဏီ တစ်ခုလို့ စွပ်စွဲခဲ့ဖူးပါတယ်။
ဒီတော့တရုတ်နဲ့ နက်နက်ရှိုင်းရှိုင်းအဆက်အသွယ်ရှိနေတဲ့ ကုမ္ပဏီ တစ်ခုနဲ့ ဘိရှော့က စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုတွေ ဖြစ်လာတဲ့အခါ ကျင့်ဝတ်ပိုင်းအရမေးခွန်းထုတ်စရာတွေပေါ်လာပါတယ်။တရုတ်ဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေးအရပံ့ပိုးကျားကန်ပေးထားပြီးလက်နက်တွေလည်း ထောက်ပံ့ပေးနေပါတယ်။
UN ရဲ့ကျင့်ဝတ်ရေးရာရုံးက အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ ကင်းရှင်းဖို့ဆိုရာမှာသွယ်ဝိုက်ပိုင်ဆိုင်မှု၊ ငွေကြေးကိစ္စ အချိတ်အဆက် စတာတွေ အားလုံးပါ လွတ်လွတ်ကင်းကင်း ဖြစ်နေဖို့ လိုကြောင်း ညွှန်ကြားထားပါတယ်။ နောက်ပြီး UNရဲ့ အရာရှိတွေဟာ အစိုးရတွေ၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ သဘောတရားရေးရာ လွှမ်းမိုးခံရမှုတွေ၊ ညွှန်ကြားမှုတွေအောက်က ကင်းလွတ်နေဖို့ လိုတယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိ အခြေအနေမှာတော့ဘိရှော့ဟာ UNမှာ သူတာဝန်ယူထားတဲ့ ရာထူးနဲ့ ပုဂ္ဂလိကပိုင် စီးပွားရေး အလုပ်မှာ ဆက်နွှယ် ရှုပ်ထွေးမှုတွေ ဖြစ်လာခဲ့ပါတယ်။ ETMဟာ မြန်မာနိုင်ငံမှာ၊ တစ်နည်းအားဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ တိုက်ရိုက် ပတ်သက်တာမျိုးတော့ မရှိသေးပါဘူး။
Asia Timesရဲ့ ဆောင်းပါးထဲမှာတော့ UNအနေနဲ့ ပွင့်လင်းမြင်သာတဲ့ ကျင့်ဝတ်ရေးရာ စုံစမ်းမှု တစ်ခုကို လုပ်ဆောင်ပြီး အခြေအနေကို ရှင်းလင်းသင့်ကြောင်းဖော်ပြထားပြီး ဘိရှော့ကိုယ်တိုင်မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကနေ နုတ်ထွက်ခြင်းကတော့ အကောင်းဆုံး ဖြေရှင်းမှု ဖြစ်လိမ့်မယ်လို့ ရေးသားထားပါတယ်။
လောလောဆယ်မှာတော့ ဘိရှော့ရဲ့ ကုမ္ပဏီဖက်က ဖြေရှင်းထားရာမှာ သူတို့ရဲ့အခန်းကဏ္ဍဟာ အကြံပေး သက်သက်သာဖြစ်ပြီး မဟာဗျူဟာ ဆန်းစစ်မှုတွေနဲ့အကြံဉာဏ်တွေဆွေးနွေးတင်ပြဖို့သာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမှုဆောင် အခန်းကဏ္ဍတွေမှာ မပါဝင်သလိုဥပဒေရေးရာနဲ့ ဘဏ္ဍာရေး အကြံပေးမှုတွေလည်းမရှိကြောင်း၊ ဒါကြောင့် အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ယုတ္တိမရှိကြောင်း တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ ဩစတြေးလျ အမျိုးသား တက္ကသိုလ်ရဲ့ အဓိပတိ တာဝန်ကိုလည်း ယူထားတဲ့ ဘိရှော့ ကိုယ်တိုင်ကတော့ အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှမပေးသေးဘူးလို့ သိရပါတယ်။
ကိုးကား- Asia Times



















































