မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်၏ အိမ်၊ ခြံနှင့် မြေများအား သိမ်းဆည်းလိုက်ကြောင်း Chinland Defense Force – Thantlang(CDF-TT)က မတ်လ ၂၄ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။
မတရား အာဏာသိမ်းထားသည်သာမက ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်ကို အားပေးနေသူ၊ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်နေသော လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်သူဟု ဒေါက်တာမှုထန်၏ ရပ်တည်ချက်ကို CDF ထန်တလန်က ထောက်ပြသည်။
ထန်တလန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဒေါက်တာမှုထန်၏ နေအိမ် ၂ လုံး၊ မြေကွက် ၃ကွက်နှင့် မြေဧက ၅ ဧကခန့်ရှိ ခြံများအား သိမ်းဆည်းလိုက်ခြင်းဟု စုံစမ်းသိရသည်။

Public Service Announcement
ထို့ကြောင့် Chinland Defense Force – Thantlang(CDF-TT)၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိသော ဒေါက်တာမှုထန်၏ အိမ်၊ ခြံနှင့် မြေများကို အပြီးသိမ်းဆည်း၍ အသစ်တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။
ယခုကြေညာချက်နှင့် စပ်လျဥ်း၍ ဖြစ်စဥ်အား အပြည့်အစုံသိရှိနိုင်ရန် Chinland Defense Force – Thantlang(CDF-TT)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်ကောင်စီအဖွဲ့ဝင် ပူဂင့်ကမ်းလျန်၏နေရာ၌ အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာမှုထန်သည် စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်မခံရမီအချိန်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချင်းပြည်နယ်ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်သည်။
